October 19, 2024

MT News
၁၄. ၂. ၂၀၂၄

သန်လျင်တွင် လူငယ်များပေါ်တာဆွဲခံရပြီး စစ်တပ်ထဲစုဆောင်းခံထားရကြောင်းနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် မြို့ကြီးများတွင် လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရဟု သတင်းအမှားများ ဖြန့်ဝေနေသည်ဟု SAC ၏ သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယနေ့ဖြေရှင်းသည်။

တပ်မတော်၊ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ငွေသန်းဝင်းရပ်ကွက်တွင် တစ်အိမ် တစ်ဦး မဖြစ်မနေပေးရမည်ဟုဆိုကာ အသက်မပြည့်သော ကလေးများ အပါအဝင် လူငယ်များကို ပေါ်တာဆွဲ ခေါ်ဆောင်သွားပြီး သန်လျင်ဘုရားကုန်းအနီး စစ်တပ်ထဲတွင် စုဆောင်းထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ မှ ရပ်ကွက်များတွင် တစ်ရပ်ကွက်လျင် လူငယ် ၂၀ ဦးစီ စာရင်းပေးရန် တပ်မတော်က တောင်းခံလာကြောင်း သတင်းတု၊ သတင်းအမှားများကို Khit Thit မီဒီယာက လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး ဖြစ်စဉ်အမှန်မှာ သန်လျင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအတွက် ရက်သတ္တပတ် ၂ ပတ်ခန့် သင်တန်းပေး ဆောင်ရွက်နေခြင်းဖြစ်ကာ အဆိုပါသင်တန်းတွင်လည်း အသက်မပြည့်သေးသူများ ပါဝင်ခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

အလားတူ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း စသည့် မြို့ကြီးများတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေ့ရက် သတ်မှတ်လိုက်သည့်နေ့မှစ၍ ၄ ရက်အတွင်း လူအယောက် ၁၀၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်းစသည့် ကောလာဟလ သတင်းအမှားများ သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ဝေနေသည်။

ထိုသို့ ညီဒီယာအချို့၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မိဘပြည်သူများ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန်အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှလည်း နိုင်ငံပိုင်မီဒီယာများမှ တဆင့် ရှင်းလင်းပြောကြားလျက်ရှိကြောင်း၊ ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးသည့် လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မည်သည့်အခါမှ ဆောင်ရွက်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေ ဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်းမှာလည်း လုပ်ကြံသတင်းသာဖြစ်ကြောင်းလည်း ဖြေရှင်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *