October 20, 2024

ရေရှည်စီမံကိန်းဖြစ်၍ နောင်အနာဂတ်တွင် စစ်မှုထမ်းရန် အကျုံးဝင်သူအားလုံး နိုင်ငံတော်ကာကွယ်ရေးကို တတ်မြောက်ပြီးဖြစ်ရမည်ဟု ဆို

၁၄. ၂. ၂၀၂၄
Written by Nyein Kyaw

စစ်မှုထမ်းဥပဒေသည် စစ်တိုက်ရန်အတွက်မဟုတ်ဘဲ လုံခြုံရေး၊ ကာကွယ်ရေး အသိပညာများ ကြွယ်ဝအောင် ရည်ရွယ်ဆောင်ရွက်ခြင်းကြောင့် လာမည့် ဒီမိုကရေစီအစိုးရအဆက်ဆက်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည့် ရေရှည်စီမံကိန်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“သင်တန်းပြီးစီးရင်တော့ အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေမှာသာ တာဝန်ထမ်းဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အဓိက,က စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ်။ လုံခြုံရေးကာကွယ်ရေး အသိပညာတွေကို၊ ပြည်သူလူထုထဲမှာ ပျံ့နှံ့သွားအောင်။ နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ အသိပညာကြွယ်ဝသော မိမိနိုင်ငံကို မိမိအင်အားတောင့်တင်းစွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော၊ မိမိရဲ့ လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်။ ဒီအစိုးရလက်ထက်မှာမှ ဆောင်ရွက်သွားမှာမဟုတ်ဘူး။ နောင် ဆက်လာမယ့် ဒီမိုကရေစီအစိုးရ လက်ထက်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင်လည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အား ဖွဲ့စည်းပြီးနောက် ဖေဖော်ဝါရီ ၁၄ ရက်(ယနေ့)တွင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းခဲ့ပြီး ရပ်ကွက်/ကျေးရွာအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်‌ရေးအဖွဲ့များ ဖွဲ့စည်းကာ စနစ်တကျ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် လက်ရှိတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများ၊   နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေတွင်ပါရှိသည့်အတိုင်း စစ်မှုထမ်း‌ဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်မည်ဖြစ်သည်။

“ဒီလိုခေါ်ယူတဲ့နေရာမှာလည်း ကျွန်တော်တို့ ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ အသက်အရွယ် အကျုံးဝင်သည့်တိုင်အောင် နိုင်ငံခြားထွက်နေတဲ့ ပညာသင်ကြားနေတဲ့သူတွေလည်း ပညာဆုံးခန်းတိုင်အောင် ဆက်လက် သင်ကြားခွင့်ရမှာဖြစ်ပါတယ်။ သို့သော် ရေရှည် Long Term Plan မှာတော့ ကျွန်တော်တို့သည် အကျုံးဝင်တဲ့သူတွေအားလုံးသည် နိုင်ငံတော်ကာကွယ်ရေးပညာကို တတ်မြောက်ပြီးဖြစ်ရမယ်ဆိုတာကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁)တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅) မှသာ ခေါ်ယူရန် လျာထားကြောင်း၊  သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်းလျာထားစီမံထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲမှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သော ဥပဒေဖြစ်ခြင်းကြောင့် အဆိုပါဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲထဲသို ဝင်ရောက်မည်ဆိုပါက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *