October 19, 2024

၁၄. ၂. ၂၀၂၄
Written by Nyein Kyaw

၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခများကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု၊ ဖိအားပေးမှုများရှိခဲ့၍ နိုင်ငံ၏ ပကတိအခြေအနေအမှန်များ နိုင်ငံတကာမှ သိရှိစေရေးအတွက် ဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းနေသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား မြန်မာနိုင်ငံ၏ အခြေအနေများကို မျက်မြင်တွေ့နိုင်ရေးအတွက် ပြည်ထောင်စုနေ့အခါသမယတွင် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တိုက်ရိုက်သက်ဆိုင်နေသည့် သံတမန်များအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို သိရှိရန်လိုပြီး လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် ဖြစ်ပေါ်လာသည့် အကြောင်းအရာများကို ပြောကြားရန်အတွက် ယခုကဲ့သို့ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိမိတို့နိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၊ အဖွဲ့အစည်းများတွင် ပါဝင်နေသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပဋိပက္ခဖြစ်စဉ်များကြောင့် မိမိတို့အပေါ် အရေးယူပိတ်ဆို့မှုများ၊ ဖိအားပေးမှုများရှိခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေအမှန်များနှင့် လက်ရှိဖြစ်ပေါ်နေသည့် ပကတိ အခြေအနေမှန်များကို နိုင်ငံတကာမှ သိရှိစေရေးအတွက် သက်ဆိုင်ရာနိုင်ငံများအလိုက် ဆောင်ရွက်ကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံ့အကျိုးအတွက် ပြောသင့်ပြောထိုက်သည်များ၊ လုပ်သင့်လုပ်ထိုက်သည်များကို မိမိတို့တွေ့ကြုံနေရသည့် အခြေအနေများ၊ သံတမန်အတွေ့အကြုံများအရ ချိန်ထိုးချင့်ချိန်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံများအလိုက် မြန်မာ နိုင်ငံ၏ အခြေအနေမှန်များကို သိရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG တို့၏ လက်ဝေခံ PDF များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း၌ အကြမ်းဖက်မှုလုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ ၂၀၂၃ ခုနှစ်အတွင်း၌ PDF များအနေဖြင့် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များ၌ အကြမ်းဖက်လုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည့် အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့အနေဖြင့်လည်း PDF များအား အကြမ်းဖက်သင်တန်းပေးခြင်း၊ လက်နက်၊ ခဲယမ်းများ ရောင်းချပေးခြင်း၊ ၎င်းတို့နှင့်အတူ ပူးပေါင်း၍ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အလိုမတူသူများအား ခြိမ်းခြောက်သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည့်အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ ငွေကြေးလိမ်လည်မှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်လျက်ရှိသည့် အခြေအနေများ စသည်ဖြင့် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *