October 20, 2024

ကနဦးအနေဖြင့် အမျိုးသားများကိုသာ ခေါ်ယူမည်ဖြစ်ပြီး အခြားလက်နက်ကိုင်အဖွဲ့များသို့ ဝင်ရောက်မည်ဆိုပါက ဥပဒေချိုးဖောက်မှုဖြင့် အရေးယူမည်

၁၄. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့စစ်မှုထမ်းခြင်းအား သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း လျာထားစီမံထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ် (၁)ကို  စစ်မှု ထမ်းရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ ဦးဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသော ကာလအထိ တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။

သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလနှင့် သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်သည့် ကာလများတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြားခံစားခွင့် အားလုံးကို လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းများအတိုင်း အပြည်အဝ ခံစားခွင့်ရှိမည်ဖြစ်ဟု ဖော်ပြထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့် သက် ဆိုင်သော ဥပဒေဖြစ်ခြင်းကြောင့် အဆိုပါဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်မည်ဆိုပါက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် တည်ဆဲဥပဒေများအတိုင်း အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က) တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်း‌ဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်သည်။ သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ ပညာသင်ကြားမှု ပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ ၁၅ (ခ) နှင့်အညီ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလပြီးဆုံးသည်အထိ စစ်မှုထမ်းဆောင်ခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ် (၁)တွင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံးဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ် (၅) မှသာ ခေါ်ယူရန် လျာထားပြီး သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းဆောင်ရန် အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်းလျာထားစီမံထားကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *