October 19, 2024

၁၄. ၂. ၂၀၂၄
Written by Ye Kyaw

သွင်းကုန်လုပ်ငန်းများ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ဗဟိုဘက်က ဒေါ်လာ ၅ ဒသမ ၃၈ သန်း ထပ်မံထုတ်ရောင်းချပေးခဲ့၍ တစ်လခွဲအတွင်း ဒေါ်လာ ၁၀၄ သန်းကျော်အထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်း၊ ဖေ‌ဖော်ဝါရီ ၈ ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ယနေ့တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လခွဲအတွင်း ၁၀ ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၀၄ ဒသမ ၃၁ သန်း ထုတ်ရောင်းခဲ့သည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဗဟိုဘဏ်က ဒေါ်လာကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ခြင်းကြောင့် ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်ဖြစ်နေရာမှ ဇန်နဝါရီ ၇ ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ဒေါ်လာ ထုတ်ရောင်းပေးခြင်းမရှိသည့် ဖေဖော်ဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ငါးရက်အတွင်းမှာမူ တစ်ဒေါ်လာ ကျပ် ၃၅၀၀ ကျော်သို့ ပြန်မြင့်တက်ခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၅၅၀ အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၅၀၀ ထုတ်ရောင်းပေးခဲ့သလို ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *