October 19, 2024

၁၄. ၂. ၂၀၂၄
Translated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်ကျွန်းအလယ်ပိုင်း၊ ဘူလာကန်ပြည်နယ်၊ ဆန်ဂျို့စ် ဒယ်လ် မွန်တီ မြို့ရှိ ဘုရားကျောင်းတစ်ခု၏ ဒုတိယထပ် တစ်စိတ်တစ်ပိုင်းပြိုကျမှု ယနေ့ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၇ နာရီခန့်တွင် ဖြစ်ပွားခဲ့ရာ လူ ၄၄ ဦးဒဏ်ရာရခဲ့ပြီး ၎င်းတို့ကို ဆေးရုံသို့ အလျင် အမြန်တင်ပို့ခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူများမှာ ခရစ်ယာန်ဘာသာဝင်တို့၏ အဆိုပါ St. Peter Apostle Parish ဘုရားကျောင်း၌ ဆုတောင်းဝတ်ပြုနေကြသူများဖြစ်ပြီး Ash Wednesday ခေါ် ခရစ်ယာန်ဘာသာဝင်တို့၏ ဝါဝင်ပထမဆုံးနေ့ ပြာခံခြင်းအခမ်းအနားကို တက်ရောက်နေသူများလည်းဖြစ်သည်။

အဖြစ်အပျက်ကို ကိုယ်တိုင်တွေ့မြင်လိုက်ရသူများက ဘုရားကျောင်း အပေါ်ထပ်ရှေ့ပိုင်းကြမ်းခင်းက ရုတ်တရက် ပြိုကျခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့ကြပြီး ဘုရားကျောင်းအဝင်ဝတွင်လည်း ပြိုကျသစ်သားပြားများနှင့် ရှုတ်ထွေးနေသော လျှပ်စစ်ဝါယာကြိုးများဖြင့် ပိတ်ဆို့နေသည်ကိုတွေ့ကြရသည်။

ပြိုကျမှုဖြစ်လျှင်ဖြစ်ချင်းပင် တာဝန်ရှိ အဖွဲ့အစည်းများအားလုံးရောက်ရှိလာကြကာ ဒဏ်ရာရသူများအား ဘူလာကန် ပြည်နယ်အတွင်းဆေးရုံခြောက်ရုံသို့ ခွဲ၍ အလျင် အမြန်တင်ပို့ခဲ့သည်။ ဆန်ဂျို့စ် ဒယ်လ် မွန်တီ မြို့ရှိ ဒေသခံအစိုးရက ဒဏ်ရာရသူများအတွက် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူပေးမည်ဟု ပြောခဲ့သည်။

Ref- inquirer.net

Leave a Reply

Your email address will not be published. Required fields are marked *