October 20, 2024

၁၄. ၂. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦးဟာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ အမှုထမ်းနေတဲ့ စစ်သားတစ်ဦးရဲ့ဇနီးနဲ့ ဖောက်ပြန်ကာ အတူနေမိတာကြောင့် “စစ်တပ်လက်ထပ်ခြင်း” ဆိုင်ရာ ဥပဒေကို ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ရာဇ၀တ်မှုဥပဒေအောက်မှာ PLA စစ်သားတစ်ဦးရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့ တစ်စုံတစ်ဦးကို သိလျက်နဲ့ အတူနေထိုင်ခြင်း ဒါမှမဟုတ် လက်ထပ် ထိမ်းမြားခြင်းတို့ဟာ သုံးနှစ်အထိ ထောင်ဒဏ်ကျခံရနိုင်ပြီး ခုလိုတင်းကျပ်တဲ့ပြစ်ဒဏ်ဟာ စစ်သားတစ်ဦးရဲ့ အိမ်ထောင်ရေးကို ထိန်းသိမ်းပေးဖို့သာမက စစ်မှုထမ်းတွေရဲ့ ဂုဏ်သိက္ခာကိုပါ လေးစားပြီး ကာကွယ်စောင့်ရှောက်တတ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအခြေစိုက် သတင်းစာတစ်ခုရဲ့ ဖော်ပြချက်အရ မာ လို့ အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ အရှေ့ မြောက်ပိုင်း ဂျီလင်းပြည်နယ်မှာ တည်ရှိတဲ့ ဒန်ဟွာမြို့တရားရုံးတစ်ခုက စစ်ဘက်အိမ်ထောင်ရေးကို အနှောင့်အယှက်ပေးတဲ့ ပြစ်မှုနဲ့ ထောင်ဒဏ် ၁၀ လ ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မာ ဟာ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးဖြစ်တဲ့ ယွမ် အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်ခဲ့တာဖြစ်ပြီး ယွမ်ဟာ တခြားနယ်တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ယောက်ဖြစ်သူ လီ ရဲ့ ဇနီးဖြစ်ကာ လီက အားလပ်ရက်ရပြီး အိမ်ပြန်လာချိန်မှာတော့ စောင့်ကြည့်ကင်မရာတွေကတစ်ဆင့် သူမရဲ့ ဖောက်ပြန်မှုကို တွေ့မြင်ကာ အာဏာပိုင်တွေဆီ တိုင်ကြားခဲ့တာပါ။

အဲ့ဒါကြောင့် မာက ဖမ်းဆီးခံခဲ့ရပြီး တရားရုံးမှာ မာ ဟာ ရာဇ၀တ်မှုကို ၀န်ခံခဲ့တာကြောင့် ပိုမိုသက်ညှာတဲ့ ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ခုလို ဥပဒေ ချမှတ်ထားပြီး ထောင်ဒဏ်ချမှတ်ရတာဟာ စစ်သားတွေဟာ အိမ်ထောင်ရေး ပျက်ပြားသွားတဲ့အခါ စိတ်ထိခိုက်ရပြီး တိုက်ပွဲစွမ်းရည်တွေ အားနည်းလာမှာစိုးလို့ ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ စစ်သားတွေရဲ့လက်ထပ်မှုတွေအပြင် စစ်သားတွေရဲ့သားသမီးတွေကိုလည်း အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေလိုမျိုး အရေးကြီးတဲ့ စာမေးပွဲတွေမှာ နောက်ထပ်ရမှတ်တချို့ကို ပေးအပ်ပါသေးတယ်။

တရုတ်နိုင်ငံမှာ စစ်မှုထမ်းနေချိန်အတွင်း လက်ထပ်ထိမ်း မြားမှုဥပဒေကို ပံ့ပိုးပေးပေမဲ့ စစ်မှုထမ်းတာဝန် ပြီးဆုံးချိန်မှာတော့ ခုလိုအကာအကွယ်တွေက ရပ်ဆိုင်းသွားမှာလည်း ဖြစ်ပါတယ်။

Ref; SCMP

Leave a Reply

Your email address will not be published. Required fields are marked *