October 20, 2024

၁၄. ၂. ၂၀၂၄
Written by Pan Ei

တောင်ကိုးရီးယားက အဘွားအိုတွေနဲ့ ဖွဲ့စည်းထားတဲ့ ရက်ပ်ဂီတအဖွဲ့ Suni and The Seven Princesses ဟာ ကျေးလက်ဒေသက ဘဝပုံစံတွေနဲ့ လယ်ယာဘဝအကြောင်း ရေးစပ်ထားတဲ့ သီချင်းတွေနဲ့အတူ နိုင်ငံတဝှမ်းမှာ ကျော်ကြားလာနေပြီး သူတို့ရဲ့ ငယ်ရွယ်မှုတွေကို ပြန်လည်ခံစားနေကြပါတယ်။

သက်ကြီးရက်ပ်ပါတွေအဖွဲ့ဖြစ်တဲ့ အဲ့ဒီအဖွဲ့ဟာ မြို့တော် ဆိုးလ်ကနေ လေးနာရီကျော် ကားမောင်းရတဲ့ နိုင်ငံမြောက်ပိုင်း ဂယောင်ဆန်ပြည်နယ်ရှိ ချီဂွတ်ခ်ခရိုင်မှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရပ်ရွာစင်တာတစ်ခုမှာ ပွဲဦးထွက် ကျင်းပပြီးကတည်းက ဒေသတွင်း နာမည်ကြီးတွေ ဖြစ်လာခဲ့ပါတယ်။

“ကျွန်မ ငယ်သွားသလို ခံစားရတယ်။ အသက်ကြီးနေတာတောင် စိတ်လှုပ်ရှားနေပါတယ်” လို့ အဖွဲ့ရဲ့ခေါင်းဆောင်နဲ့ Suni လို့ လူသိကြတဲ့ အသက် ၈၁ နှစ်အရွယ် ပက်ခ်ဂျွန်ဆွန်းက မကြာသေးမီက သူငယ်တန်းကျောင်းတစ်ခုက ဖျော်ဖြေတင်ဆက်ပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ပွဲဦးထွက်ကာလ အစောပိုင်းက လူပေါင်း ၁၅၀ လောက်သာရှိတဲ့ ဖန်ကလပ်သာရှိခဲ့ပေမဲ့ အခုအခါမှာတော့ အဖွဲ့ရဲ့ ကျော်ကြားမှုက ခရိုင်အပြင်ဘက်ကိုပါ ပျံ့နှံ့လာနေခဲ့ပြီး ဒေသတွင်းမြို့တွေမှာ ဖျော်ဖြေဖို့နဲ့ တီဗီရှိုးတွေမှာပါ ဖျော်ဖြေဖို့ တောင်းဆိုခံထားရသလို သူတို့ရဲ့ ဗီဒီယိုတွေဟာ YouTube မှာ ကြည့်ရှုမှုပေါင်း ၇ သောင်း ၇ ထောင် ကျော်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

လာမယ့်နှစ်အစောပိုင်းမှာ တောင်ကိုရီးယားလူဦးရေရဲ့ငါးပုံတစ်ပုံဟာ အသက် ၆၅ နှစ်အထက် လူကြီးတွေဖြစ်လာမှာဖြစ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ ခုလို သက်ကြီးရက်ပ်ပါအဖွဲ့က တောင်ကိုရီးယားမှာ ခေတ်စားလာတာလည်းဖြစ်သလို ချီဂွတ်ခ်ခရိုင်လိုမျိုး ကျေးလက်ဒေသတွေမှာ လူငယ်တွေဟာ မြို့တွေကိုပြောင်းရွှေ့ပြီး ကလေးမွေးဖွားမှုနည်းပါးမှုနဲ့ ဆက်နွယ်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *