October 23, 2024

၃. ၁၂. ၂၀၂၂
Written by Nay Moe

Non CDM ကျောင်းဆရာမ အမျိုးသမီးငယ်တစ်ဦးအား PDF လူငယ်တစ်စုက လက်ထိပ်ခတ်ရိုက်နှက်ကာ ဒလန်ဟု ဝန်ခံခိုင်းပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်မှု တမူးမြို့လယ်၌ ဖြစ်ပွားခဲ့သည်ဆိုသည့်ရုပ်သံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည်ကို တွေ့ရသည်။

လူမှုကွန်ရက်တွင် ဒီဇင်ဘာ ၂ ရက်မှ စတင်ကာ ပျံ့နှံလာသည့် အဆိုပါ ရုပ်သံဖိုင်၌ အမျိုးသမီးနှစ်ဦးပါဝင်သော PDF လူငယ် ၁ဝ ဦးခန့်က အသက် ၂၅ နှစ်ခန့် အမျိုးသမီးငယ်တစ်ဦးကို လက်ထိပ်ခတ်ကာ “ကျွန်မ ဒလန်လုပ်မိပါတယ်”ဟု အော်ခိုင်းနေသည်ကို တွေ့ရပြီး အမျိုးသမီးငယ်က “ညီမလေး ဒလန်မလုပ်ပါဘူး မမရယ်”ဟု လက်အုပ်ချီကာ တောင်းပန်နေသည်ကိုလည်း တွေ့မြင်ရသည်။ ထို့နောက် ဒလန်ဟု စွပ်စွဲသည့် PDF အမျိုးသမီးက တောင်းပန်နေသည့်အမျိုးသမီးကို ပါးရိုက်ခြင်း၊ ဆံပင်ဆွဲကာ ကန်ကြောက်ခြင်း၊ ကျန် PDF လူငယ်များက လက်သီးဖြင့်ထိုးခြင်း၊ သေနတ်ဒင်ဖြင့် ဆောင့်ခြင်းများ ပြုလုပ်သကဲ့သို့ “ငါ့အကြောင်း သိတယ်နော်” ဟု ခြိမ်းခြောက်ခြင်း၊ “တော်တော်ငွေမက်နေသလား”ဟု မေးမြန်းခြင်းများ ပြုလုပ်သည်ကို တွေ့ရကာ ရုပ်သံဖိုင်အတွင်း ဆိုင်ကယ်များစွာ ဖြတ်သန်းသွားလာနေသည်ကိုလည်း တွေ့မြင်ရသည်။

ထို့နောက် အမျိုးသမီးငယ်အား ဒူးထောက်ထိုင်ခိုင်းကာ ပစ်ခတ်သတ်ဖြတ်ရန်ပြင်စဉ် အမျိုးသမီး PDF က နောက်မှပြေးကန်သကဲ့သို့ ကျောလယ်အား သေနတ်ဖြင့် အဝေးမှ တစ်ချက်ပစ်ခတ်ပြီးနောက် သေဆုံးသွားချိန်တွင်လည်း အနီးကပ်ဦးခေါင်းအား သုံးချက်ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ရုပ်သံကို မူရင်းတင်သူမှာ GU CI ဆိုသည့် Facebook အကောင့်ပိုင်ရှင်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်က စတင် တင်ခဲ့ခြင်းဖြစ်ကာ ယင်းလုပ်ရပ်ကို ကျုးလွန်သူများမှာ တမူး PDF တပ်ရင်း ၄ မှဖြစ်ကြောင်းလည်း ယင်းက ဖော်ပြထားသည်။

MT News ၏ ကနဦးစုံစမ်းမှုများအရ ရိုက်နှက်သတ်ဖြတ်ခံခဲ့ရသည့် အမျိုးသမီးငယ်မှာ Non CDM ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအငြိုးအတေးကြောင့် ဒလန်ဟု သတင်းပို့ခံရကာ တမူး PDF တပ်ရင်း (၄) မှ PDF များက တမူးမြို့ပေါ်တွင် လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။ ထိုရုပ်သံဖိုင်မှာလည်း နိုဝင်ဘာ ၁၅ ရက်က တမူး PDF တပ်ရင်း- ၄ အပါအဝင် PDF စခန်း ၇ ခု စီးနင်းဖျက်ဆီးစဉ် သေဆုံးခဲ့သည့် PDF တစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦး သိရသည်။

PDF များက အမျိုးသမီးများအား နှိပ်စက်သတ်ဖြတ်နေသည့် ရုပ်သံတစ်ခု ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်ကလည်း ထွက်ပေါ်ခဲ့ဖူးပြီး ထိုစဉ်ကလည်း ဂန့်ဂေါမြို့နယ် မင်းရွာမှ ကျောင်းဆရာမ ဒေါ်ယမင်းအေးကို ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG Battlion- 5 Gangaw Region) မှ PDF သုံးဦးက ဒလန်ဟု စွပ်စွဲကာ ဓားဖြင့် လည်ပင်းကို လှီးဖြတ်ပြီးနောက် ဝမ်းဗိုက်အား ဆယ်ချက်ခန့်ထပ်မံထိုးသတ်သည့် ရုပ်သံ ပျံ့နှံ့လာခဲ့ပြီး ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-KKG Battlion- 5 Gangaw Region) ကလည်း ဒေါ်ယမင်းအေးကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ကို ထိုရုပ်သံမပျံ့နှံ့လာမီ ဩဂုတ် ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *