October 20, 2024

၁၄. ၂. ၂၀၂၄
Photo by Ye Kyaw

ချစ်သူများနေ့ ဒီနေ့ မနက်ပိုင်းမှာတော့ အရင်ကလို ပန်းစည်းတွေ၊ အရုပ်ကြီးတွေနဲ့အတူ ထွက်လာကြတဲ့ ချစ်သူစုံတွဲတွေ နည်းပါးခဲ့သလို ချစ်သူစုံတွေ တော်တော်များ သွားလေ့ရှိတဲ့ ရွှေတိဂုံစေတီ၊ ပြည်သူ့ရင်ပြင်နဲ့ အခြားပန်းခြံတွေကိုလည်း စုံတွဲတွေ လာရောက်တာ နည်းပါးခဲ့တာ တွေ့ခဲ့ရပါတယ်။

“အရင်လိုမဟုတ်ဘူး။ ဒီနေ့ ကားလည်းဆွဲမကောင်းဘူး။ တစ်မနက်လုံးလည်း အရင်လို အရုပ်တွေ၊ ပန်းစည်းတွေနဲ့ စုံတွဲတွေ ငှားတာလည်းမရှိသလို ကားလည်းအော်ဒါရတာ ပါးတယ်” လို့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ အရုပ်ဆိုင်တွေ အနေနဲ့လည်း အရောင်းအဝယ်ပါးသလို တစ်မနက်လုံးကို အရုပ်သုံးရုပ်ပဲ ရောင်းရတဲ့အခြေနေတွေနဲ့ ပြည်သူ့ရင်ပြင်ထဲမှာရှိတဲ့ စုံတွဲနှစ်ယောက်စီးတဲ့ အပျော်စီးသင်္ဘောလေးတွေလည်း တစ်မနက်လုံး စီးသူမရှိတဲ့အခြေအနေတွေကိုလည်း မြင်တွေ့ခဲ့ရတာပါ။

“အရုပ်တွေက တစ်မနက်လုံး သုံးရုပ်ပဲ ရောင်းရသေးတယ်။ အရောင်းပါးတာပေါ့။ ညနေပိုင်း ရုံးဆင်းချိန်ဆိုရင်တော့ မသိသေးဘူး။ အခုထိတော့ အရောင်းပါးတယ်။ ဓာတ်ပုံရိုက်တဲ့သူရှိရင် ပိုဆိုးတယ်။ ဝယ်မယ့်သူတောင် မဝယ်တော့ဘူး”လို့ ပြည်သူ့ရင်ပြင်ထဲက အရုပ်ဆိုင်တစ်ခု တာဝန်ရှိသူက ပြောပါတယ်။

ချစ်သူများနေ့ဟာ (၃) ရာစုနှစ်မှာ ရောမဘုရင် ကလောဒီးယပ်စ်-၂ ဟာ သူ့အတွက် စစ်သည်စုဆောင်းရာမှာ အိမ်ထောင်ပြုထားတဲ့ လူငယ်တွေက ငြင်းဆန်မှာစိုးရိမ်တာကြောင့် လူငယ်တွေအိမ်ထောင်ပြုတာကို တားမြစ်ခဲ့ပေမဲ့ စိန့်ဗယ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးက လူငယ်စုံတွဲတွေ လက်ထက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ကလောဒီးယက်စ်က သူ့ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး ချစ်သူစုံတွဲတွေအတူနေရဖို့အတွက် အသက်စွန့်သွားတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးကို ဂုဏ်ပြုတဲ့ ချစ်သူများနေ့ဟာ မြန်မာနိုင်ငံမှာ ရေပန်းစားတဲ့ကာလရှိပေမဲ့ ဒီနေ့ခေတ်မြန်မာနိုင်ငံမှာတော့ ပုံစံအနည်းငယ်ပြောင်းလဲသွားပါတယ်။

ဒါဟာဘာကြောင့်လဲဆိုရင်တော့ အလှပုံတင်ရင်ဖြစ်ဖြစ်၊ ခရီးသွားရင်ဖြစ်ဖြစ်၊ လူငယ်သဘာဝ ပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် မနာလိုမရှုစိမ့်နဲ့ ဝိုင်းဝန်းဆဲဆိုကြတဲ့ လူတန်းစားတစ်ရပ်ဟာ မြန်မာနိုင်ငံမှာ အင်အားကောင်းကောင်းနဲ့ ထွန်းကားလာခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ချစ်သူများနေ့ဖြစ်တဲ့ ဒီနေ့မှာတော့ ရန်ကုန်မြို့မှာ အရင်လို အရုပ်ကြီးတွေ၊ ပန်းစည်းတွေနဲ့ လှည့်ပတ်သွားနေတာမျိုး၊ ဆင်တူအင်္ကျီဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်တာတွေလည်း နည်းပါးလာခဲ့ပါတယ်။ ဒီနေ့မှာဆိုလည်း အေးဆေးတဲ့နေရာတွေမှာ အတူထိုင်စကားပြောတာတွေ၊ စားသောက်ဆိုင်တွေမှာ အတူထိုင်ကာ အချိန်ကုန်ဆုံးတဲ့ အတွဲတွေကိုပဲ အဓိကတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *