၃.၁၂.၂၀၂၂
Written By A Thaung
မြန်မာ့ကားဈေးကွက်သို့ ဝင်ရောက်ရန်ပြင်ဆင်နေသည့် BYD EV ကားများသည် နိုဝင်ဘာလအတွက် တရုတ်ကားဈေးကွက်တွင် ရောင်းအားအကောင်းဆုံးစာရင်းဝင်ခဲ့ကြောင်း World’s Largest Auto Market စာရင်းတွင် ဖော်ပြထားသည်။
BYD ၏ နိုဝင်ဘာလရောင်းအားသည် အခြားနာမည်ကျော်လျှပ်စစ်ကားကုမ္ပဏီဖြစ်သည့် Tesla ၏ရောင်းအားကို အပြတ်အသတ်ကျော်လွန်ခဲ့သည်။
Tesla သည် တရုတ်နှင့် ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်တွင် ရောင်းအားအကောင်းဆုံးဖြစ်လာစေရန် Model 3 နှင့် Model Y တိုကို ဈေးနှုန်းလျော့ပြီးရောင်းချခဲ့သည့်အတွက် ယခင်ကထက်ရောင်းအားနှစ်ဆ မြင့်တက်လာသော်လည်း တရုတ်ဈေးကွက်တွင် BYD ၏ရောင်းအားကို ကျော်လွန်နိုင်ခြင်းမရှိခဲ့ကြောင်း China Merchants Bank International (CMBI) ၏ နိုဝင်ဘာလ အစီရင်ခံစာတွင်ဖော်ပြထားသည်။
BYD သည် တရုတ်ဈေးကွက်တွင် နိုဝင်ဘာ(၁)ရက်မှ နိုဝင်ဘာ(၂၇)အထိ ကားအစီးရေ ၁၅၂၈၆၃ စီးရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိင်းယှဉ်ပါက ၈၃ ရာခိုင်နှုန်းနီးပါးတိုးတက်လာသည်။
အခြားနာမည်ကျော်ကားကုမ္ပဏီဖြစ်သည့် Volkswagen သည် နိုဝင်ဘာဈေးကွက်တွင် အစီးရေ ၁၄၃၆၀၂ စီးရောင်းချထားနိုင်ခဲ့ပြီး Toyota Motor ကော်ပိုရေးရှင်းက အစီးရေ ၁၁၅၂၇၂ စီးရောင်းချနိုင်ခဲ့သည့်အတွက် BYD ၏ရောင်းအားကိုမမီခဲ့ကြောင်း CMBI က ဆိုသည်။
ယခုနှစ်အတွင်း BYD ၏ရောင်းအားမှာ တိုးတက်လာခဲ့သည့်အတွက် လာမည့်ကာလများတွင် Plug-in hybrids အမျိုးအစားထဲမှ ပထမဆုံးသော ရောင်းအားအကောင်းဆုံးဖြစ်သည့် လျှပ်စစ်ကားဖြစ်လာမည်ဖြစ်သည်။
CMBI ၏ အချက်အလက်များအရ တရုတ်နိုင်ငံတွင်ထုတ်လုပ်သည့် မော်တော်ကားအားလုံး၏ ရောင်းအားမှာ နှစ်စဉ် ၇ ရာခိုင်နှုန်းကျဆင်းနေသော်လည်း လျှပ်စစ်ကားအချို့မှာ ရောင်းအားမြင့်တက်နေကြောင်း ဖော်ပြထားသည်။
Ref; Auto Net