October 20, 2024

၁၄. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၏ ဆူခွန်ဗစ်နယ်မြေအတွင်း ဖေဖော်ဝါရီလ ၁၄ ရက်၊ နံနက်အစောပိုင်း နာရီများတွင် အော်ကြီးဟစ်ကျယ် အငြင်းအခုံဖြစ်ပွားရမှုတစ်ရပ်က အသက် ၅၃ နှစ်ရှိ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး သေဆုံးသည်အထိဖြစ်ခဲ့ရကြောင်း သိရသည်။

ထိုအငြင်းအခုန်ဖြစ်ပွားမှုက နံနက် ၁ နာရီခွဲခန့်တွင် ဆူခွန်ဗစ်လမ်းသွယ် ၄ ရှိ အဆောက်အအုံတစ်ခု၏ အခန်းတစ်ခု၌ စတင်ခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူမှာ ကာယိုဆီရ (Kayo Seya) ဟု အမည်ရှိသော မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ၎င်းမှာ ဒဏ်ရာများစွာဖြင့်သွေးထွက်လွန်သေဆုံးနေကြောင်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။

အဆိုပါစီးပွားရေးလုပ်ငန်းရှင်က နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းတစ်ခုတွင် အခြားစပ်တူလုပ်ဖက်နှစ်ဦးဖြစ်သော စကော့လူမျိုးများဖြစ်သည့် ဝီလီယမ် နှင့် ဂျွန် တို့နှင့်အတူပါဝင်သည်ဟု သိရသည်။ အငြင်းပွားမှုအတွင်း သေဆုံးသူ၏ မိခင်က ကြားဝင်ပြောကြားခဲ့သော်လည်း ၎င်းမှာရိုက်နှက်ခံရကာ သတိမေ့သွားခဲ့သည်။

မိခင်ဖြစ်သူ ပြန်လည်သတိရလာချိန်တွင်မူ ၎င်း၏သားဖြစ်သူ စီးပွားရေးလုပ်ငန်းရှင်မှာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။ ထို့ပြင် အခန်းတွင်းမှ ဘတ်ငွေ ငါးသန်းမှာလည်း ပျောက်ဆုံးနေသည်ကို တွေ့ရခဲ့သည်။ ရဲတပ်ဖွဲ့နှင့်မှုခင်းဆေးအဖွဲ့တို့က လူသတ်မှုဖြစ်ရာနေရာပတ်ဝန်းကျင်တဝိုက် စစ်ဆေးမှုများအရ လျှို့ဝှက်ဆန်းကြယ်သော လက်ကိုင်အိတ်တစ်လုံးနှင့် ငွေမည်းများလွှဲပြောင်းဝယ်ယူသည့် မီးခံသေတ္တာတစ်လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့သည်။ စီစီတီဗီ ရိုက်ကူးချက်များအရ သံသယရှိရသူ နှစ်ဦးနောက်သို့ ခြေရာခံလိုက်နေကာ လူဝင်မှုကြီးကြပ်ရေးအရာရှိများထံလည်း သတင်းပေး တပ်လှန့်ထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် မှုခင်းဆေးပညာရှင်များက အချင်းဖြစ်ပွားသည့် တိုက်တန်းလျား ၂၃ ထပ်မြောက်အခန်းတွင် သေဆုံးသူ ကာယိုဆီရမှာ ရက်ရက်စက်စက် တိုက်ခိုက်ခံရကာ ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင်လဲကျ သေဆုံးနေခြင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။

Ref -The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *