October 19, 2024

၁၄. ၂. ၂၀၂၄
Written by Nay Aung

မလေးရှားနိုင်ငံ Kuala Ketil အရပ်ဒေသရှိ စိုက်ပျိုးခြံတစ်ခုတွင် မြန်မာနိုင်ငံသားအချင်းချင်းစကားများရန်ဖြစ်ရာမှ တစ်ဦးသေဆုံးကာ အခြားတစ်ဦးထွက်ပြေးသွားခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

မလေးရှားနိုင်ငံ ဘာလင်ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ ရှန်ဆူဒင် မာမတ်က သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ်ရှိသောမြန်မာနိုင်ငံသားတစ်ဦးဖြစ်ကာ ၎င်းနှင့်ရန်ဖြစ်ခဲ့သော မြန်မာနိုင်ငံတစ်ဦးက ဒဏ်ရာများရကာထွက်ပြေးသွားခဲ့ကြောင်း ပြောသည်။

၎င်းက” စိုက်ပျိုးရေးခြံမန်နေဂျာဟာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စိုက်ပျိုးရေးခြံမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေရန်ဖြစ်တဲ့သတင်းပေးပို့ချက်ကို WhatsApp လူမူကွန်ရက်ကတစ်ဆင့် လက်ခံရရှိခဲ့တယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းမှာတော့ စိုက်ပျိုးရေးခြံမန်နေဂျာဟာ စိုက်ကွင်းကိုသွားရောက်ပြီးအလုပ်သမားတွေကိုခေါ်ယူတွေ့ဆုံခဲ့တယ်။ အဲဒီအချိန်မှာ အလုပ်သမားတစ်ဦးသေဆုံးနေတာကို သိရှိခဲ့သလို အခြားအလုပ်သမားတွေထွက်ပြေးသွားတဲ့အချက်ကိုလည်း သိရှိခဲ့တယ်”ဟုပြောသည်။

ထို့အပြင် သေဆုံးနေသည့် မြန်မာနိုင်ငံသား၏ ရုပ်အလောင်းကို အလုပ်သမားတန်းလျားနှင့် မီတာ ၅၀၀ အကွာတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့သည်စိုက်ပျိုးရေးခြံအတွင်းရှိ စားအုန်းဆီအညစ်အကြေးစွန့်ပစ်ရေး နေရာတွင် ရန်ပွဲစတင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ဘာလင် ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူကပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင်ထွက်ပြေးနေသော မြန်မာနိုင်ငံသားကို ရှာဖွေဖမ်းဆီးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးနေပြီး အနံခံခွေးများကို အသုံးပြုနေကြောင်း ၎င်းကပြောသည်။ သေဆုံးသူ၏ရုပ်အလောင်းကို Sultanah Bahiyah Hospital (HSB) ဆေးရုံသို့ပို့ဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လူသတ်မှုနှင့်ပတ်သက်၍ အမှုဖွင့်ရန်သင့်မသင့်ကို စစ်ဆေးဆုံးဖြတ်မည်ဟု ၎င်းကပြောသည်။

Ref malaymail

Leave a Reply

Your email address will not be published. Required fields are marked *