October 19, 2024

၁၄. ၂. ၂၀၂၄
Written by Min Mahar

ရှင်သာမဏေ ၃ ပါးသည် ကျောင်းတိုက်အတွင်း၌တွေ့သည့် ဗုံးသီးဟောင်း ၁ လုံးကို ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး ဒဏ်ရာများရရှိမှု ငါန်းဇွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ကျေးရွာ၊ နန်းတွင်းကျောင်းတိုက်တွင် သီတင်းသုံးနေသော ၁၄ နှစ်ခန့်အရွယ်ရှိ ရှင်သာမဏေ ၃ ပါးသည် ကျောင်းတိုက်အတွင်းမှ တွေ့ရှိသော ဗုံးသီးဟောင်း ၁ လုံးကို ဆော့ကစားကြရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

“မနက်က ကိုရင်လေး ၃ ပါး ကျောင်းတိုက်အတွင်းက တွေ့တဲ့ ဗုံးသီးဟောင်းတစ်လုံးကို ဆော့ရာကနေ ထပေါက်ကွဲပြီး ဒဏ်ရာတွေ ရကုန်ကြတယ်။ ပေါက်ကွဲသံကြားတော့ ရွာကလူတွေလည်း အကုန်လန့်ကုန်ကြတယ်။ ကိုရင်လေးတွေ သနားလည်း သနားပါတယ်။ အသက်အရွယ်က ၁၃/ ၁၄ နှစ်အရွယ်လောက်ဆိုတော့ ဗုံးတွေ့တာကို ဘာမှန်းမသိဘဲ ဆော့ကြတာဖြစ်မယ်။ အဲ့ဒီပေါက်ကွဲတဲ့ထဲမှာ ကိုရင် ၂ ပါးကတော့ အသက်အန္တရာယ် နည်းနည်းစိုးရိမ်ရပြီး တစ်ပါးကတော့ ပေါက်ပြဲဒဏ်ရာပဲရလို့ မစိုးရိမ်ရပါဘူး။ တစ်ပါးဆို ပေါင်နှစ်ဘက်လုံးကျိုးသွားတာ။ နောက်တစ်ပါးက ဗိုက်ကိုထိသွားတယ်။ ဖြစ်တဲ့ထဲက အငယ်ဆုံးကိုရင်ကတော့ ပေါက်ပြဲသွားရုံလောက်ပါပဲ။ အခုတော့ ဆေးရုံကို ပို့ထားပြီး ဆေးကုသမှုခံယူနေပါတယ်”ဟု ရွာခံတစ်ဦးက ဆိုသည်။

အဆိုပါပေါက်ကွဲမှုကြောင့် အရှင်ပညာနန္ဒ(သက်တော် ၁၄ နှစ်)တွင် ဝဲဘက်ပေါင် ပေါက်ပြဲသွားသောဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ကို ဖောက်ဝင်သွားသည့် ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)၊ အရှင်သုမန (သက်တော် ၁၄ နှစ်)တွင် ပေါင်နှစ်ဘက်လုံးကျိုးသွားသည့်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲသွားသည့် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ညိုး ကျိုးသွားသည့်ဒဏ်ရာ(စိုးရိမ်ရ)၊ အရှင်နန္ဒဝံသ(သက်တော် ၁၃ နှစ်) တွင် ဝဲဘက်ပေါင်ပေါက်ပြဲသွားသောဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)တို့အသီးသီးရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းယာဉ်ဖြင့် ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *