October 20, 2024

၁၄. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်တွင်း၊ ပြည်ပဘေးအန္တရာယ်ဆိုခြင်းထက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူဦးရေ ၁၄ သန်း အားလုံး တစ်ပြိုင်နက် စစ်မှုထမ်းဆောင်ရမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်နိုင်သည့် လူဦးရေမှာ အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိကြောင်း၊ အဆိုပါ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူဦးရေ ၁၄ သန်းခန့်မှာ အားလုံး တစ်ပြိုင်နက် စစ်မှုထမ်းဆောင်စေရန်မဟုတ်ဘဲ အကျုံးဝင်သူ အရေအတွက်သာ တွက်ဆခြင်းဖြစ်သည်။

စစ်မှုထမ်းသူများအား စစ်သည်များနှင့် တူညီသည့်အခွင့်အရေး၊ စစ်သည်များနှင့် တူညီသည့် လေ့ကျင့်‌ရေး ဆောင်ရွက်ပေးရခြင်းကြောင့် လစာ၊ ရိက္ခာ၊ ခံစားခွင့် အကုန်လုံး ထောက်ပံ့ပေးရမှုများကို နိုင်ငံတော်ဘတ်ဂျက်မှ ဆောင်ရွက်ရခြင်းဖြစ်သည်။ စစ်မှုထမ်းရန် ပထမဆုံး ဆောင်ရွက်ရာတွင် စစ်သည်မဖြစ်သေးသည့် နိုင်ငံသူ၊ နိုင်ငံသားများကို ခေါ်ယူမည်ဆိုပါက ဆေးစစ်မှုစရိတ်၊ လေ့ကျင့်ရေးကာလ အနည်းဆုံး နှစ်တစ်နှစ်၏ လေးပုံတစ်ပုံ (သုံးလ) လေ့ကျင့်ရခြင်းကြောင့် ယင်းကိစ္စရပ်များအတွက် ကုန်ကျစရိတ်အဆင့်ဆင့်ရှိကြောင်း သိရသည်။ ပထမဦးဆုံးအဆင့်ဖြစ်သည့် တစ်ဦးချင်း ဆေးစစ်သည့် ကုန်ကျရိတ်တစ်ခုတည်းပင် အနည်းဆုံး ကျပ်သောင်းဂဏန်းအထိ ကုန်ကျမည်ဖြစ်သည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့ လက်ရှိအနေအထားမှာ တပ်သားသစ်စုဆောင်းမှုတွေ Volunteer တပ်သားအသစ်စုဆောင်းမှုသည်လည်း အရှိန်အဟုန်မကျပါဘူး။ သူလုပ်ငန်းနဲ့သူ ဆက်ပြီးလုပ်ဆောင်နေပါတယ်။ ဆက်ပြီးလုပ်ဆောင်တဲ့အထဲမှာ ကျွန်တော်တို့အနေနဲ့ ခုနကပြောတဲ့ လူဦးရေ ၁၄ သန်း(မူရင်း ၁၃ သန်း) ပေါ့နော်။ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး။ အမျိုးသားတွေပဲ ထည့်တွက်မယ်ဆိုရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ ၁ ရာခိုင်နှုန်းဆိုရင် ခြောက်သောင်း ရှိပြီဖြစ်ပါတယ်။ ၂ ရာခိုင်နှုန်းဆို နှစ်သိန်းနှစ်သောင်းရှိပြီဖြစ်ပါတယ်။ ၁၀ ရာခိုင်နှုန်းဆိုရင် လူဦးရေ ၆ သိန်းရှိပြီဖြစ်ပါတယ်။ ကျွန်‌တော်တို့ ဒီလောက်လူဦးရေလိုသလား။ ၁၀ ရာခိုင်နှုန်း လိုသလား။ မလိုနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိတယ်။ ရပ်ကွက်တွေပါ ထည့်တွက်လိုက်ရင် ၆ သောင်းကျော်ရှိပါတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့ တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိပါဘူး။ သို့သော် ကျွန်တော်တို့ ဘာကြောင့်မို့လို့ ဒီဟာကိုလုပ်တာလဲဆိုတော့ ဒါတွေကို လုပ်ရခြင်းအကြောင်းအရင်းသည် Long Term Plan မှာ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ စွမ်းရည်၊ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ စွမ်းအား နိုင်ငံတော်ကိုကာကွယ်နိုင်တဲ့ပညာ၊ နိုင်ငံသားအားလုံးတတ်သွားဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကျွန်‌တော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် တိုင်းရင်းသားနယ်မြေများ၌ အချို့ဒေသများတွင် အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား တစ်အိမ်တစ်ယောက် မဖြစ်မနေ ယောက်ျား၊ မိန်းမ မ‌ရွေး သောင်းကျန်း သူများက စစ်သားစုဆောင်းနေမှုအပေါ် ပြည်ပရောက် Exile မီဒီယာများအနေဖြင့် မည်သည့်အသံမှ မထွက်ရှိဘဲ ယခုစစ်မှုထမ်းဥပဒေထုတ်ပြန်ခြင်းကိုမူ ဝိုင်းဝန်းဝေဖန်မှုများရှိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *