MT News
၁၃. ၂. ၂၀၂၄
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)မှ အထွေထွေ အတွင်းရေးမှူးကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ဗဟိုကော်မတီဝင် နိုင်ဗညားမွန်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ ဗဟိုဦးစီးကော်မတီဝင်နန်းမိုးမိုးစောနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဆက်ဆံရေးရုံးဒုတိယတာဝန်ခံ ခွန်တီးလားတို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားကြသည်။
ထို့နောက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်ပြီး အဖွဲ့အစည်းများ၏ သဘောထားများ၊ အကြံပြုချက်များကို အမြင်ချင်းဖလှယ်၍ အပြန်အလှန်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အဖွဲ့ဝင်ခွန်ဥက္ကာနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က နိဂုံးချုပ်အမှာစကားပြောကြားကြပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းရင်းသား ပြည်သူလူထု၏အကျိုးကိုရှေးရှု၍ လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌ တွေ့ဆုံညှိနှိုင်းဖြေရှင်းကြရန်၊ ပဋိပက္ခကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသည့် အရပ်သားပြည်သူများကို အကာအကွယ်ပေးရေးနှင့် အကူအညီအထောက်အပံ့များ အမြန်ဆုံးရရှိရေး ပဋိပက္ခတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းကို တက်ရောက်လာကြသူများက တူညီသည့် သဘောထားကို ထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။