October 20, 2024

စစ်မှုထမ်းခြင်းကို သတ်မှတ်အသက်အပိုင်းအခြားအတွင်း သင့်တင့်လျောက်ပတ်သည့် အင်အားကသာ တာဝန်ထမ်းဆောင်ရမည်ဟု SAC ဥက္ကဋ္ဌ ပြောကြား

၁၃. ၂. ၂၀၂၄
Written by Nyein Kyaw

ပြည်သူ့စစ်မှုထမ်းခြင်းအား သတ်မှတ် အသက်အပိုင်း အခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ကြောင်း၊ ယင်ဥပ‌ဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့် ပတ်သက်၍ တွက်ချက်ချင့်ချိန် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့်လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင်ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှု ထမ်းဟောင်းများအနေဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများ ပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းအားလုံးကို ပြန်ခေါ်မည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ယင်းဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ‌ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏ စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာလျှင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်လာမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းနှင့် ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *