October 19, 2024

၁၃. ၂. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်က အိမ်တစ်အိမ်မှာငွေသား ဘတ် ၃၀၀၀၀ နဲ့ ရွှေဆွဲကြိုး ခိုးယူဖို့ ထိုင်းအလုပ်ရှင်ကို ဓားနဲ့ထိုးခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းရဲက မနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၁၉ နှစ်အရွယ် Weawdao လို့အမည်ရတဲ့ မြန်မာအမျိုးသမီးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် ညသန်းခေါင်ကျော်က အိပ်ပျော်နေတဲ့ အလုပ်ရှင်ဖြစ်သူ Suphattra ရဲ့ အခန်းထဲကို ဝင်ရောက်ကာ ဓားနဲ့ အကြိမ်ကြိမ်ထိုးခဲ့တယ်လို့ အလုပ်ရှင်အမျိုးသမီး Suphattra က ပြောခဲ့ပြီး အဲ့ဒီနေ့ညက ရင်ဘတ်၊ ဘယ်လက်နဲ့ နောက်ကျောတို့မှာ ဓားဒဏ်ရာများစွာရရှိခဲ့တဲ့ Suphattra ကို ချောင်းပတ်ခ်ရဲစခန်းက တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာအိမ်ကို သွားရောက် ကူညီပေးခဲ့ရပါတယ်။

Supattha ရဲ့ အဆိုအရ Weawdao ဟာ သူမကို ဓားနဲ့ ထိုးပြီးနောက် အဖိုးတန်ပစ္စည်းတွေကို ရှာဖွေခဲ့ပြီး ဘတ်ငွေ ၃၀၀၀၀ နဲ့ ဘတ် ၉၀၀၀ ခန့်တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးနဲ့အတူ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေအိမ်နဲ့ အနီးနားက လုံခြုံရေးကင်မရာတွေကို စစ်ဆေးခဲ့ရာမှာတော့ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ Lampun ပြည်နယ်က Weawdao ရဲ့အစ်ကိုဖြစ်သူရဲ့အိမ်မှာ နက်ပြာရောင်အိတ်ထဲက အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ် ၃,၆၀၀ ခန့်)၊ ငွေသား ဘတ် ၇,၅၀၀၊ ရွှေဆွဲကြိုးတစ်ကုံးနဲ့ အလုပ်ရှင်ကို ထိုးရာမှာ အသုံးပြုခဲ့တဲ့ ၁၂ လက်မအရွယ် ဓားတစ်ချောင်းတို့နဲ့တကွ မြန်မာအမျိုးသမီး Weawdao ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

Waewdao က Suphattra ရဲ့အိမ်မှာ ကလေးထိန်းအဖြစ် ငါးလခန့် အလုပ်လုပ်ခဲ့ကြောင်း ရဲကို ထွက်ဆိုခဲ့ပြီး ဓားနဲ့ တိုက်ခိုက်ခဲ့တာကိုလည်း ဝန်ခံခဲ့ကာ သူ့အစ်ကိုက ပိုက်ဆံအရမ်းလိုအပ်နေတာကြောင့် သူ့အစ်ကိုအတွက် လုပ်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

Waewdao ဟာ သူမနဲ့ သူမရဲ့အစ်ကိုတို့ ပိုက်ဆံအရေးပေါ်လိုအပ်နေတာကြောင့် သူမရဲ့အလုပ်ရှင်ကို လစာကြိုတင်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင်က ကြိုတင်ငွေပေးချေမှုကို သဘောမတူခဲ့တာကြောင့် Waewdao က ဒေါသထွက်ပြီး ပိုက်ဆံအတွက် အလုပ်ရှင်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဓားနဲ့ အထိုးခံရတဲ့ အလုပ်ရှင်ဖြစ်သူ Suphattra က အခင်း ဖြစ်ပွားတဲ့နေ့က ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပေမဲ့ အခုအခါမှာတော့ အခြေအနေ တည်ငြိမ်နေပြီလို့ သိရပါတယ်။

Waewdao ကို အခုလက်ရှိမှာ ရာဇသတ်ကြီးပုဒ်မ ၃၄၀ နဲ့ အမှုဖွင့် အရေးယူထားပြီး ပြစ်ဒဏ်က အနည်းဆုံး ထောင်ဒဏ် ငါးနှစ်ကနေ ဆယ်နှစ်အထိနဲ့ ငွေဒဏ် အနည်းဆုံး ဘတ် ၁၀၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *