October 30, 2024

ဒီဇင်ဘာ ၂ ရက်ညဦးပိုင်းက လျှပ်စစ်မီးပြတ်တောက်နေချိန် တွေ့ရသည့်မြင်ကွင်းတစ်ခု

၃. ၁၂. ၂၀၂၂
Written by Ye Kyaw

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၄ သန်းကျော်ပမာဏရှိသည့် လုပ်ငန်းလေးခုကို ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)မှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ခွင့်ပြုပေးထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၁ သာရှိပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၂၆၀၄၉ ဒသမ ၃၃၂ သန်း (ဒေါ်လာ ၂၆ ဒသမ ၀၄၉ ဘီလျံ)သာရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာကုန်တွင် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ခွင့်ပြုပေးထားသည့် လုပ်ငန်းပေါင်း ၄၅ ခုအထိ ရှိလာပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာလည်း ဒေါ်လာ ၂၆၁၆၃ ဒသမ ၉၃၂ သန်း (ဒေါ်လာ ၂၆ ဒသမ ၁၆၃ ဘီလျံ) အထိရှိလာခဲ့သည်။

အထက်ပါ စာရင်းများအရ ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာနှစ်လအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၄ ဒသမ ၆ သန်းပမာဏရှိသည့် လုပ်ငန်းလေးခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာစေရန် ဆောင်ရွက်ချက်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်းလည်းဖြစ်ပြီး လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဝန်ကြီးဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ဂျပန်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် ဂျပန်-မြန်မာ ယဥ◌်ကျးမှု မြှင့်တင်ရေးအသင်းနှင့် နိုဝင်ဘာ ၃၀ ရက်တွင် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စသည့်လုပ်ငန်းများကို အဓိကခွင့်ပြုပေးထားခြင်းဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ၃၄ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း နိုင်ငံပေါင်း ၅၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၄ ဘီလျံကျော်ပမာဏရှိ လုပ်ငန်းပေါင်း ၂၃၅၀ ကျော်ခွင့်ပြုပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *