October 20, 2024

၁၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံတရားရေးဝန်ကြီး သာဝီ ဆော့ဒ်ဆောင်းက ၎င်းအနေနှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို အတည်ပြုပေးခဲ့ပြီဖြစ်ကြောင်းနှင့် သက်ဆင်အနေဖြင့် အကျဉ်းထောင်အခန်းထဲတွင် တစ်ညမအိပ်ခဲ့သော်လည်း ၎င်း၏ပြစ်ဒဏ်ကာလ ထက်ဝက်ကျော်သွားခဲ့ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

တရားရေးဝန်ကြီးက ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေဖြင့် ၎င်း၏ကျန်ရှိသော ပြစ်ဒဏ်သက်တမ်းများကို မိမိတို့အိမ်များတွင် နေထိုင်၍ အချိန်ကုန်ဆုံးကြရန်ခွင့်ပြုပြီး လွတ်ငြိမ်းချမ်း သာခွင့်ပေးမည့် အကျဉ်းသားများတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့လွတ်ငြိမ်းချမ်းသာ ခွင့်ပေးမည့်သူများ၏စာရင်းများကို အကျဉ်းဦးစီးဌာနမှဆပ်ကော်မတီက ဦးစွာအတည်ပြုခဲ့ပြီး သာဝီက နောက်ဆုံးအတည်ပြုချက် ရေးထိုးပေးခဲ့ရခြင်းဖြစ်သည်။

သက်ဆင်အနေဖြင့် ပြစ်ဒဏ်ကာလ တစ်နှစ် ကျခံရမည်ဖြစ်သည့်အနက် ထက်ဝက်ဖြစ်သော ခြောက်လကို ကျော်လွန်ခဲ့ပြီဖြစ်၍ ဆပ်ကော်မတီက လွတ်ငြိမ်းချမ်းသာခွင့်အတွက် ရွေးချယ်ခဲ့ခြင်းဟုလည်း သိရသည်။

သက်ဆင် ဝန်ကြီးချုပ်အဖြစ်ဦးဆောင်နေသော အစိုးရကို ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် အာဏာသိမ်းခံခဲ့ရပြီး ၎င်းမှာလည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံသို့ပြန်မလာမီ ပြည်ပ၌ ၁၅ နှစ် ကြာတိမ်းရှောင်နေခဲ့ရသည်။သက်ဆင်အား အဂတိမှုဖြင့် မျက်ကွယ်၌ပင် တရားရုံးကထောင်ဒဏ်ရှစ်နှစ်ချမှတ်ခဲ့သည်။ သက်ဆင်ကပြစ်ဒဏ်ကိုတရားရုံးချုပ်သို့ အယူခံတင်ခဲ့ပြီးနောက် ၎င်းအား ဘန်ကောက်မြို့ရှိ Remand အကျဉ်းထောင်သို့ ဘန်ကောက်ပြန်ရောက်သည့်နေ့မှာပင် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။သို့သော် သက်ဆင်မှာ ကျန်းမာရေးအခြေအနေကြောင့် အကျဉ်းထောင်တွင် တစ်ညပင်မအိပ်ခဲ့ရဘဲ ရဲတပ်ဖွဲ့ဆေးရုံ သို့ တင်ပို့ကုသမှု ခံနေရခြင်းဖြစ်သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် ထိုင်းဘုရင်က ၎င်း၏ပြစ်ဒဏ်ကို ထောင်ဒဏ်တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်မှစ၍ ၎င်းပြစ်ဒဏ်ကျခံခဲ့သည့်ကာလကို ရေတွက်လျှင် ဖေဖော်ဝါရီလ ၁၈ ရက်၌ ရက်ပေါင်း ၁၈၀ ကြာမြင့်ကာသက်တမ်းထက်ဝက်ကျော်တော့မည်ဖြစ်သည်။ ဝန်ကြီးသာဝီက သက်ဆင်အနေဖြင့် အသက်အားဖြင့် ၇၀ နှစ်ကျော်လာပြီဖြစ်ကာ အနည်းဆုံးခြောက်လ(သို့မဟုတ်) ပြစ်ဒဏ်၏ သုံးပုံတစ်ပုံကျခံခဲ့ပြီးလျှင် ထောင်ဒဏ်ဆက်လက်ကျခံရန်ကာလကလည်း ၁၀ နှစ်ထက် နည်း၍ အကျဉ်းဦးစီးဌာန၏ အက်ဥပဒေအရ လွတ်ငြိမ်း ချမ်းသာခွင့်ရရှိခြင်းဟု ဆိုခဲ့သည်။

အကျဉ်းဦးစီးဌာန ဆပ်ကော်မတီက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အတည်ပြုတင်ပြခဲ့သူ ၉၄၅ ဦးအနက် ၉၃၀ ဦးကို သဘောတူ လက်မှတ်ရေးထိုးကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ အိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်းလည်း ၎င်းကပြောခဲ့သည်။

Ref- Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *