October 20, 2024

လက်ရှိတွင် ကျောက်ဖြူနှင့် မြိတ်မြို့ ခရီးစဉ်နှစ်ခုကိုသာ ထောက်ခံချက် တောင်းဆိုထားဟု သိရ

၁၃. ၂. ၂၀၂၄
Written by Nyein Kyaw

လေယာဉ်လက်မှတ် ဝယ်ယူရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ပါမှသာ ရောင်းချပေးမည်ဆိုသည်မှာ မှန်ကန်ကြောင်းနှင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရန်အလို့ငှာ ဒေသအာဏာပိုင်များက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးအောင်ရဲထွန်းက MT News သို့ အတည်ပြု ဖြေကြားသည်။

“ခရီးသွားပြည်သူတွေကို ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ လုံခြုံစိတ်ချရအောင် လေကြောင်းပို့ဆောင်ရေးဦးစီးဌာနက အဓိကထား ဆောင်ရွက်တာဖြစ်ပါတယ်။ မေးတာနဲ့ပတ်သက်ပြီး ဖြေရမယ်ဆိုရင် အများပြည်သူ အကျိုး စီးပွားအလို့ငှာ ဒေသအာဏာပိုင်က လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဆိုတာ ဆရာတို့က နားလည်ပါတယ်။ ဒေသအာဏာပိုင်အနေနဲ့ကတော့ ဖြစ်ပေါ်လာတဲ့ အခြေ အနေအပေါ် မူတည်ပြီးတော့လည်း ဆောင်ရွက်စရာ၊ ပြောင်းလဲမှုတွေလည်း ရှိမှာပဲပေါ့။ ထုတ်ပြန်ချက်တွေကိုတော့ ဝန်ကြီးဌာနအနေနဲ့ ထုတ်တာမဟုတ်ဘူး။ ခရီးသွားပြည်သူတွေ၊ ဒေသခံပြည်သူတွေ၊ ဒေသအကျိုးစီးပွား၊ ပြည်သူတွေရဲ့ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဦးအောင်ရဲထွန်းက ပြောသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ လေယာဉ်လက်မှတ်များ ဝယ်ယူရာတွင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုးရုံးများက ခွင့်မပြုသည့် ခရီးသည်များအား လေယာဉ်စီးနင်းခွင့်ပြုမည် မဟုတ်ကြောင်းနှင့် လက်ရှိတွင် ကျောက်ဖြူလေဆိပ်နှင့် မြိတ်လေဆိပ်များမှ လေယာဉ်စီးနင်မည့်သူများသာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်လိုအပ်ကြောင်း သိရသည်။

“ဒီနေ့အထိ သတင်းရသေးတာဆိုလို့ရှိရင် မြိတ်ရယ်၊ ကျောက်ဖြူရယ် နှစ်မြို့ပဲ လိုပါသေးတယ်။ အခုတော့ ရခိုင်ဆိုရင် ငပလီတို့ ဘာတို့မပါသေးဘူး။ နှစ်မြို့ပဲသိရသေးတယ်” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိထုတ်ပြန်ချက်အရ ပြည်သူများ (ဝန်ထမ်းမဟုတ်သူ)မှ လေယာဉ်ဖြင့် ခရီးသွားလာရန် လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ ယူဆောင်လာစေရေး ဆောင်ရွက်ရန် ရည်ညွှန်းစာဖြင့် အကြောင်းကြားထားခြင်းဖြစ်သည်။

လေယာဉ်လက်မှတ်ဝယ်ယူရာတွင် ထောက်ခံစာလိုအပ်သည့် ကျောက်ဖြူမြို့အတွက်ကိုမူ ဖေဖော်ဝါရီ ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်သည့် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည်များအနေဖြင့် ခရီးသွားမည့်ရက် မတိုင်မီ လေကြောင်းလိုင်းဖြင့် စီးနင်းခွင့်လက်မှတ်အား ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ တင်ပြတောင်းခံရမည်ဖြစ်ပြီး ၎င်းရုံးမှ ခွင့်မပြုသည့်ခရီးသည်များအနေဖြင့် လေကြောင်းလိုင်းခရီးစဉ်ဖြင့် လိုက်ပါခွင့်ပြုတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *