October 20, 2024

၁၃. ၂. ၂၀၂၄
Written by Phyo Wei

ပြည်ထောင်စုနေ့ဖြစ်တဲ့ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ ရခိုင်လက်နက်ကိုင် AA က မင်းပြားမြို့နယ်အတွင်းမှာ စစ်သင်္ဘောတစ်စီးကို ထပ်မံ တိုက်ခိုက်နှစ်မြှုပ်လိုက်တယ်လို့ ထုတ်ပြန်လာပြီး နစ်မြုပ်သွားတဲ့ စစ်သင်္ဘောပေါ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော် ပါဝင်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီဖြစ်စဉ်ကို AA က ထုတ်ပြန်လာတာမဟုတ်ဘဲ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့သတင်းတွေ ပူးပေါင်းထုတ်ပြန်ရာမှာ ဖော်ပြထားတာဖြစ်ပြီးတော့ နစ်မြုပ်နေတဲ့ စစ်သင်္ဘောပုံရိပ်လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပြီး သူတို့ထုတ်ပြန်ချက်မှာ “ဖေဖော်ဝါရီ (၇/၈) ရက်များတွင် စစ်ကောင်စီ၏ စစ်ရေယာဉ်၊ စစ်သင်္ဘော (၃) စီးကို မြစ်ထဲတွင် အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်သကဲ့သို ယနေ့ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၌လည်း မင်းပြားမြိုနယ်အတွင်း နောက်ထပ်စစ်သင်္ဘော (၁) စီးကို ထပ်မံ၍ တိုက်ခိုက်နှစ်မြှုပ်နိုင်ခဲ့သည်”လို့ ရေးသားထားတာ တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း AA လက်နက်ကိုင်အဖွဲ့ဟာ ကလေးငယ်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့လိုက်ပါလာတဲ့ စစ်သင်္ဘောနှစ်စီးနဲ့ ကမ်းထိုးယာဉ်တစ်စီးကို တိုက်ခိုက်နှစ်မြှုပ်ပြီး လိုက်ပါလာတဲ့ လူ ၉၁၂ ဦးကို ရေပေါ်တင် ဓားနဲ့လိုက်ခုတ်သတ်လိုက်တယ်လို့ သိရသလို အခုဖြစ်စဉ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၄ ဦး နစ်မြုပ် စစ်သင်္ဘောမှာ ပါဝင်သွားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။

“ဖေဖော်ဝါရီ ၈ ရက် ၉၁၂ ဦး၊ ဖေဖော်ဝါရီ ၁၂ ရက် ၁၀၄ ဦး၊ ဘယ်တော့မှ မမေ့ဘူး”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

AA လက်နက်ကိုင်တွေက ဒီလိုမျိုး လူရာထောင်ချီကို ရက်စက်စွာ သတ်ဖြတ်တာကြောင့် မြန်မာပြည်အနှံ့အပြားက ရခိုင်ဆိုင်တွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်နေကြသလို လက်ရှိ စစ်သင်္ဘောလေးစီးနစ်မြုပ်တာ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံ့ဝန်ထမ်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတာကို MT News က တာဝန်ရှိသူတွေထံ ဆက်လက်အတည်ပြုနေပြီး ဖြစ်စဉ်အမှန်ဖြေကြားလာရင် ဆက်လက်ဖော်ပြပေးပါမယ်။

ပုံစာ။ AA က ထုတ်ပြန်လာသော စစ်သင်္ဘော ၄ စင်း နစ်မြုပ်နေသည့် ပုံရိပ်များ

Leave a Reply

Your email address will not be published. Required fields are marked *