October 19, 2024

၁၃. ၂. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့၌ မြေအောက်ရထားစီးနင်းလာသော ဆယ်ကျော်သက် လူငယ်အုပ်စုနှစ်ခုအကြား ငြင်းခုန်မှုက အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်သို့ရောက်ရှိကာ ရထားက ဘူတာတစ်ခုသို့ရောက်ရှိပြီး ရထားတံခါးများပွင့်လာချိန်တွင် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြေအောက်ရထားက နယူးယေ့ာခ်မြို့၊ ဘရွန့်စ်ခရိုင်အတွင်း ဘူတာတစ်ခုသို့ရောက်ရှိစဉ် ဘူတာစင်္ကြံပေါ်၌ ဖေဖော်ဝါရီလ ၁၂ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ထိုအချိန်က နယူးယေ့ာခ်မြို့အတွင်း မြေအောက်ရထားဘူတာရုံများမှာ ကျောင်းပြန်လာသောကလေးများနှင့် ညနေအဆိုင်းလုပ်ငန်းခွင်သို့ သွားရောက်သောအလုပ်သမားများဖြင့်စည်ကားနေချိန်လည်းဖြစ်သည်။

ပစ်ခတ်မှုတွင် အသက် ၃၄ နှစ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။ ဒဏ်ရာရသူများတွင် အ သက် ၁၄ နှစ်ရှိ မိန်းကလေးတစ်ဦး၊ ၁၅ နှစ်ရှိ လူငယ်တစ်ဦးနှင့် အသက် ၂၈ နှစ်၊ ၂၉ နှစ်နှင့် ၇၁ နှစ် အသီးသီးရှိကြသူ သုံးဦး စုစုပေါင်း ငါးဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့ က ပြောခဲ့သည်။ သေကြေဒဏ်ရာရသူများအနက် အချို့မှာ ရထားပေါ်၌ ငြင်းခုံခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်သူများဖြစ်ပြီးအချို့မှာ ရထားစောင့်နေသူများဟု ယုံကြည်ရ‌ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

ထို့ပြင်ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်က အလျဉ်းသင့်သလို ဦးတည်ရာမဲ့ အရမ်းကာရောပစ်ခတ်ခြင်းမျိုးမဟုတ်ကြောင်းနှင့် အချင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားသော သေနတ်သမား အနည်းဆုံး တစ်ဦး၏ နောက်သို့ ခြေရာခံလိုက်နေကြောင်းလည်းပြောခဲ့သည်။ ရဲတပ်ဖွဲ့က သေနတ်သမားက တစ်ဦးထက်ပိုနိုင်မည်လား ဆိုသည်ကိုမူ ပြောကြားခြင်းမရှိသေးပေ။

REF- AP

Leave a Reply

Your email address will not be published. Required fields are marked *