
၁၃. ၂. ၂၀၂၄
Written by Hey Mar
ကောက်ရိတ်၊ ပဲနှုတ်ပြန်ကြမယ့် ပဲခူးတိုင်းဒေသကြီးအတွင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က ဒေသခံတချို့ကို ဒီနေ့မှာ တောင်ငူအခြေစိုက်ပရဟိတအသင်းတွေက ပြန်လည်ပြီး လိုက်လံ ပို့ဆောင်ပေးနေတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတချို့ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် နံနက်အစောပိုင်းကစ ပဲခူး တိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က တပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တိုက်တာ အဆောက်အဦတွေ ပျက်စီးကာ ၊ နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ ၉ ဦးထက်မနည်း သေဆုံးခဲ့ရတာပါ။ ဒါ့အပြင် ဒဏ်ရာရရှိသူ တချို့လည်း တောင်ငူဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေရဆဲလို့ မြေပြင်အကူအညီပေးခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

နေရပ်ပြန်ချင်သူတချို့ကို နယ်မြေအခြေအနေကြည့်ပြီးပြန်လည်ပို့ဆောင်ပေးနေတဲ့ ရွှေမင်းဝင် လူမှုကူညီရေးအသင်းမှ အရှင်စန္ဒောဘာသက”မနေ့ကတည်းက ကားနှစ်စီးနဲ့ ပြန်ပို့ပေးနေတာပါ။ လူ ၇၀ လောက်တော့ ပြန်သွားကြပြီ။ လမ်းခရီးက အဆင်ပြေနေပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ဦးဇင်းကျောင်းက မိသားစုတွေ တစ်အိမ်ထောင်မှာ နှစ်ယောက်လောက်ပြန်ကြတယ်။ အိမ်တွေကို စိတ်မချကြတာပေါ့။ ဦးဇင်းတို့က တစ်နေ့ သုံးနပ်နဲ့ နေရေးတာဝန်ယူထားတယ်ဆိုပေမယ့် သူတို့လက်ထဲ ငွေလေး ကြေးလေးလည်း ကိုင်ထားချင်ရှာမှာပေါ့။ ပဲသိမ်း စပါးသိမ်းဖို့ အရဲစွန့် ပြန်ကြတာပါ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
နယ်မြေ အခြေအနေအရ မပြန်စေချင်ပေမယ့် တောင်သူတွေအနေနဲ့ တစ်ရာသီလုံး စိုက်ပျိုးထားတဲ့ သီးနှံတွေမို့ သူတို့ရဲ့ စိတ်ဆန္ဒကို ငဲ့ညှာပြီး အခုလို အခြေအနေတည်ငြိမ်စပြုတဲ့အခါ ပြန်လည်ပို့ဆောင်ဖို့ ကြိုးပမ်းပေးကြတာလို့ ဒေသခံပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ သူက “ပြန်လာခေါ်ဖို့ မလွယ်ဘူးလို့ ဖျောင်းဖျတာတောင် လာမခေါ်ပါနဲ့ ပြန်ပဲ ပို့ပေးပါလို့ အကူအညီတောင်းလာလို့ အသင်းတွေ ညှိနှိုင်းပူးပေါင်းပြီး ထွက်ခွာကြတာပါ”လို့ ပြောပါတယ်။

