၁၃. ၂. ၂၀၂၄
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားကျွန်း၊ ဘန်ဒေါင်းမြို့ ရှိ ဆီလီဝန်ဂီ အားကစားကွင်းတွင် ဘန်ဒေါင်းမြို့မှ 2 FLO FC ကလပ်အသင်းနှင့် ဆူဘန်မြို့မှ FBI Subang ကလပ်အသင်းတို့ ဖေဖော်ဝါရီလ ၉ ရက်က ယှဉ်ပြိုင်ခဲ့ကြရာတွင် ဆူဘန်မြို့အသင်းမှ ဆက်ပ်တိန် ရာဟာဂျား အမည်ရှိကစားသမားတစ်ဦးမှာ ဘောလုံးပွဲကစားနေစဉ်အတွင်း မိုးကြိုးပစ်ခံရမှုတစ်ရပ်ဖြစ်ခဲ့ကြောင်းသိရသည်။
အသက် ၃၅ နှစ်ရှိ ရာဟာဂျားမှာ မိုးကြိုးပစ်ခံရမှုကြောင့် ဒဏ်ရာများပြင်းထန်စွာရခဲ့ပြီး ၎င်းအားဆေးရုံသို့ အမြန်ပို့ခဲ့သော်လည်း အသက်မမီဘဲ သေဆုံးခဲ့ရသည်။ အဆိုပါအသင်းနှစ်သင်း၏ ချစ်ကြည်ရေးပွဲ ကစားနေစဉ် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်၌ ရာဟာဂျားမှာ မိုးကြိုးအပစ်ခံခဲ့ရခြင်းလည်းဖြစ်သည်။
အွန်လိုင်းပေါ်တက်လာသော ဗီဒီယိုများ၌လည်း ရာဟာဂျားမှာ ကွင်းအတွင်းပြေးလွှားကစားနေစဉ် ၎င်းအားလျှပ်စီးတစ်ချက်ထိမှန်ကာ မြေကြီးပေါ်လဲကျသွားခဲ့သည်ကိုတွေ့ရသည်။ ဆေးရုံသို့ရောက်ချိန်၌မူ ၎င်းမှာ သေဆုံးပြီးဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ဘောလုံးကစားသမားများ ကစားပွဲကျင်းပနေစဉ် မိုးကြိုးအပစ်ခံရခြင်းက ယခုအချိန်က ပထမဆုံးမဟုတ်ဟုလည်း သိရသည်။ ၂၀၂၃ ခုနှစ်အတွင်းက ယူ-၁၃ ဘောလုံးပွဲတစ်ခုကို အရှေ့ ဂျာဗားကျွန်း၊ ဘိုဂျိုနီဂိုရို မြို့၌ ကျင်းပနေစဉ် လူငယ်ကစားသမားတစ်ဦးမှာ ယခုလိုပင် ကွင်းအတွင်းဝင် ရောက်ကစား၍ ဆယ်မိနစ်အကြာ၌ မိုးကြိုးအပစ်ခံရခဲ့ဖူးသည်။ ထို ယူ-၁၃ ကစားသမားမှာ နှလုံးရပ်သွားခဲ့ပြီးနောက် ဘိုဂျိုနီဂိုရိုမြို့ ဆေးရုံအရောက် မိနစ် ၂၀ အကြာ၌ သတိပြန်လည်လာကာ အသက်ရှင်ခဲ့ရသည်။
မိုးကြိုးပစ်ခံရခြင်းများက အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသည်ဟုပင်ဆိုရမည်ဖြစ်သည်။ လေ့လာချက်များအရ အင်ဒိုနီးရှားနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် လျှပ်စီးလက်မှုအကြိမ်ရေ ၇၆ ဒသမ ၅ သန်း ဖြင့်အများဆုံးသောနိုင်ငံဟုလည်းသိရသည်။
Res -Newsweek, Marca