October 30, 2024

B-21 ကိုယ်ပျောက်ဗုံးကြဲလေယာဥ်ပုံစံအားတွေ့ရစဥ်

၃. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

အမေရိကန်လေတပ်၏ နောက်ဆုံးတီထွင်မှုတစ်ခုဖြစ်သော B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ် ထုတ်လုပ်နေမှုကို ဒီဇင်ဘာ ၂ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ပန်ဒါလီမြို့ရှိ လေတပ်အဆောက်အအုံတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အမေရိကန်လေတပ်၏ ဆယ်စုနှစ်သုံးခုတာကာလအတွင်း ပထမဆုံးဗုံးကြဲလေယာဉ်လည်းဖြစ်သည့် B-21 Raider က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စစ်ဘက်တိုးတက်မှုကို တုံ့ပြန်နိုင်ရန်အတွက် အမေရိကန်တို့၏ ထုတ်လုပ်မှုတစ်ရပ်ဖြစ်ပြီး လက်ရှိ B-1 နှင့် B-2 ဗုံးကြဲလေယာဉ်များနေရာတွင် အစားထိုးအသုံးပြုသွားလိမ့်မည် ယူဆရသည်။

B-21 Raider သည် ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ဖြစ်ကာ ၂၀၃၅ ခုနှစ်တွင် နျူကလီးယားလက်နက် ၁၅၀၀ ပိုင်ဆိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသော တရုတ်၏ ရုတ်ခြည်းတိုးတက်လာနေသည့် စစ်အင်အားကိုတုံ့ပြန်နိုင်ရန် အမေရိကန်စစ်ဘက်ကိုလည်း တိုးတက်ခေတ်မီအောင် ဆောင်ရွက်နေသည့် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ ကဏ္ဍသုံးခုအနက် တစ်ခုဟုလည်း ဆိုရမည်ဖြစ်သည်။ အမေရိကန်စစ်ဘက်က မြေအောက်ဒုံးပျံပစ်စခန်းများမှ ပစ်လွှတ်နိုင်သည့် နျူကလီယားတိုက်ချင်းပစ်ဒုံးပျံများနှင့် ရေငုပ်သင်္ဘောများမှ ပစ်လွှတ်မည့် နျူကလီယားထိပ်ဖူးတပ်ဒုံးပျံများ တိုးတက်လာစေရေးတို့ကိုလည်း ဆောင်ရွက်နေသည်။

B-21 Raider ၏ ကိုယ်ထည်တွင် ဖုံးအုပ်အသုံးပြုတည်ဆောက်ထားသော ပစ္စည်းများကြောင့်လည်း ၎င်းအား ရန်သူဘက်မှထောက်လှမ်းသိရှိနိင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ အတွင်းပိုင်း၌လည်း B-2 လေယာဉ်နှင့်နှိုင်းယှဉ်လျှင် အထူး အဆင့်မြင့်သည့် နည်းပညာများ အသုံးပြုတည်ဆောက်ထားကြောင်း အမေရိကန်လေတပ်ကပြောသည်။

ယခုအခါ B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ခြောက်စင်းကို တည်ဆောက်လျက်ရှိပြီး အမေရိကန်လေတပ်က နျူကလီယားလက်နက်များ(သို့မဟုတ်) သမားရိုးကျဗုံးများသယ်ဆောင်မည့် B-21 Raider အစင်း ၁၀၀ ထုတ်လုပ်ရန် စီမံချက်ချထားကြောင်း သိရသည်။ လေယာဉ်၏စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အခြားသောအချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘဲ လေယာဉ်၏တန်ဖိုးကိုလည်း တရားဝင်ပြောကြားခြင်းမရှိသေးပေ။ သို့သော် B-21 Raider ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တစ်စင်းလျှင် ထုတ်လုပ်ခ ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၆၉၂ သန်းခန့်ရှိမည်ဟု အမေရိကန်လေတပ်က ခန့်မှန်းထားသည်။

Ref—-Sputnik News

Leave a Reply

Your email address will not be published. Required fields are marked *