October 21, 2024

၁၂. ၂. ၂၀၂၄
Written by Phyo Wei

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှု ၂၁၆၄ ဦးရှိခဲ့ပြီး ပေါက်ကွဲစေတဲ့ လက်နက်တွေကြောင့် သေဆုံးသူ ပိုမိုမြင့်တက်လာနေတယ်လို့ AOAV က ပြောလာတဲ့ ဒီရက်သတ္တပတ်မှာပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေက မြန်မာ့ပြည်တွင်းရေးသာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ပြောလာမှုအပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာ့ပြည်တွင်းရေးဝင်မစွက်ဖက်ဖို့လည်း ရုရှားက တားမြစ်ခဲ့တာတွေ့ရပါတယ်။

တစ်ဖက်မှာလည်း KIA နဲ့ PDF တွေ ကောလင်းမြို့ကို သိမ်းပြီး ဘဏ်တွေကနေ ကျပ် ၅၅ ဘီလျံလောက် လုယက်၊ လေးလလောက်ထိန်းချုပ်ထားရာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်တိုက်ထုတ်နိုင်ခဲ့တာ၊ ထိုင်းနိုင်ငံသားခံယူထားတဲ့ KTLA စစ်ဦးစီးချုပ်နဲ့ ကော်သူးလေသမ္မတအမည်ခံ စောနယ်ဒါးမြမိသားစုကို ထိုင်းက နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်တဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ပြည်ပနိုင်ငံကြီးတွေရဲ့ ထောက်ပံ့မှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေ ပြုလုပ်လာနေတာကြောင့် နိုင်ငံတော်က အန္တရာယ်ကြီးနေပြီဆိုတဲ့အကြောင်း၊ ရခိုင်ပြည်နယ်မှာ ကလေးငယ်တွေအပါအဝင် နိုင်ငံ့ဝန်ထမ်းနဲ့ တပ်မတော်သား ၆၀၀ နဲ့ ၉၀၀ ကြားသေဆုံးတယ်ဆိုတဲ့ ကျောက်တော်အဖြစ်ဆိုးအကြောင်းနဲ့ စစ်မှုထမ်းဥပဒေအတည်ပြုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

အန္တရာယ်ကြီးနိုင်ငံ

လက်ရှိကာလမှာ ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ ပြည်တွင်း၊ ပြည်ပက အဖျက်သမားတွေက မြန်မာနိုင်ငံအကျိုးကို မလိုလားတဲ့ ပြည်ပအင်အားကြီးနိုင်ငံအချို့ရဲ့ သွေးထိုးမြှောက်ပင့် အားပေးမှုနဲ့ ဆူပူအကြမ်းဖက်မှုမျိုးစုံပြုလုပ်ပြီး တိုက်ပွဲဖော်ဆောင်နေတာဖြစ်လို့ ဒီလို မတည်ငြိမ်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရကြတာအပြင် နိုင်ငံ့အရင်းအမြစ်တွေ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသား ပြည်သူတွေမှာ ဆင်းရဲဒုက္ခများစွာ ခံစားနေကြရလို့ ရေရှည်မှာ နိုင်ငံတော်အတွက် အဘက်ဘက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံကနေ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ အကြား အပြန် အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းတည်ဆောက်ဖို့လည်း SAC ဥက္ကဋ္ဌက ပြောခဲ့ပါသေးတယ်။

SAC ဥက္ကဋ္ဌဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အကုန်ပိုင်းကလည်း မြန်မာနိုင်ငံဟာ အမေရိကန်ရဲ့ တရုတ်နိုင်ငံကို ထိန်းချုပ်ရေးမူဝါဒမှာ စွက်ဖက်ခံနေရတယ်လို့ ပြောခဲ့သလို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာစတင်လာပြီး ဒီနေ့အထိ မြို့ပေါင်း ၄၀ လောက် လက်လွှတ်ထားရတဲ့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ တိုက်ခိုက်မှုမှာလည်း တရုတ်က အွန်လိုင်းလိမ်လည်မှု ကျားဖြန်တွေဖမ်းချင်လို့ အပေးအယူလုပ်ခဲ့တယ်ဆိုပြီး ဆန္ဒပြမှုတွေလည်း ထွက်ခဲ့ပါသေးတယ်။ လက်ရှိမှာလည်း မြောက်ပိုင်းသုံးဖွဲ့ သိမ်းပိုက်ထားရာမှာ သူတို့မဟာမိတ် NUG၊ PDF တွေတောင် လက်မခံတဲ့အခြေအနေလည်းမြင်ရလို့ ဒီတိုက်ပွဲဟာ မြန်မာ့မြေဖဲ့ထုတ်ချင်တဲ့ ကမ္ဘာ့စစ်အင်အားကြီးအဆင့် ၁ နဲ့ ၂ တို့ရဲ့ စွက်ဖက်မှုသာတကယ် ပါနေတယ်ဆို ဒီလိုစစ်အင်အားကြီးနှစ်နိုင်ငံရဲ့ စွက်ဖက်ထောက်ပံ့မှုကို တုံ့ပြန်နိုင်ဖို့မလွယ်တာကြောင့် ဒီပုံအတိုင်းသာဆက်သွားမယ်ဆို နိုင်ငံအစိတ်စိတ်အမြွှာမြွှာကွဲထွက်ဖို့ အန္တရာယ်ကြီးနီးစပ်နေပြီဆိုတာ နိုင်ငံသားတိုင်း တွေးသိချင့်ချိန်နိုင်ဖို့ လိုအပ်မှာပါ။

ကျောက်တော်အဖြစ်ဆိုး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီးမှာ တပ်မတော်သားမိသားစုဝင်တွေ၊ ကလေးငယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကယ်ထုတ်လာတဲ့ စစ်ရေယာဥ်သုံးစီးကို AA က တိုက်ခိုက်တာကြောင့် လိုက်ပါလာသူ ၆၀၀ နဲ့ ၉၀၀ အကြားသေဆုံးခဲ့တယ်ဆိုတဲ့ဖြစ်စဥ်ရဲ့ စစ်သင်္ဘောပုံရိပ်တွေကို AA က ထုတ်ပြန်လာပါတယ်။ ဒီဖြစ်စဥ်မှာ AA အဖွဲ့ဟာ သင်္ဘောနစ်မြုပ်ချိန် ရေကူးလာတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ နိုင်ငံ့ဝန်ထမ်းတွေအားလုံးကို လှေတွေနဲ့လိုက်ပြီး ရေပေါ်မှာတင် ဓားနဲ့ ခုတ်သတ်ခဲ့တယ်လိုလည်း သတင်းထွက်နေတာဖြစ်ပါတယ်။

AA လက်နက်ကိုင်အဖွဲဟာ ဖေဖော်ဝါရီ ၇ ရက်၊ ၈ ရက်က တိုက်ခိုက်ခဲ့တဲ့ ဒီရေကြောင်းတိုက်ပွဲမှာ သူတို့ ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော (၃) စီးစလုံးဟာ ချက်ကောင်းကိုထိလို့ အထိနာခဲ့ပြီး သင်္ဘောတွေ စင်းလုံးပြတ် နစ်မြုပ်ဖို့ ဖြစ်နေချိန်မှာ လက်နက်ချ အညံ့ခံဖို့၊ အလံဖြူထောင်ဖို့ လော်စပီကာနဲ့ (၃) ကြိမ်တိုင် ပြောကြားခဲ့ပေမဲ့လည်း တပ်မတော်သားတွေက တန်ပြန်ခုခံတိုက်ခိုက်နေသေးတဲ့အပြင် လေကြောင်းက ဒရော့ဗုံးနဲ့ အပြင်းအထန်ခုခံကာကွယ်ဖို့ပဲ ကြိုးစားနေခဲ့တယ်ဆိုတာကို မလုပ်ဘဲ လက်နက်ချဖို့ ပြောတာကို နားထောင်ခဲ့မယ်ဆိုရင် စစ်သင်္ဘောပေါ်ပါသူအားလုံး အသက်ချမ်းသာခွင့်ရရှိမယ်လို့လည်း အကုန်သတ်ဖြတ်မှုအပေါ် ဆင်ခြေပေးပါသေးတယ်။

MT News သတင်းဌာနရဲ့ စုံစမ်းမှုအရလည်း အဆင့်မြင့်အရာရှိနှစ်ဦးအပါအဝင် တပ်မတော်သားမိသားစု ၆၃၇ ဦးဒါမှမဟုတ် ယာဥ်ပေါ်အပါ မိသားစုဝင် ၉၁၂ ဦး လိုက်ပါလာတဲ့ စစ်သင်္ဘောသုံးစီးဟာ AA ရဲ့ တိုက်ခိုက်မှုကြောင့် အားလုံးလိုလို သေဆုံးခဲ့ရပြီး စစ်သင်္ဘောပေါ်ကနေ ခုန်ချပြီး အသက်ဘေးကလွတ်ဖို့ ရေကူးလာချိန်မှာလည်း AA တပ်သားတွေက သူတိုအညံ့ခံဖို့ပြောချိန် အညံ့မခံလို့ အကုန်လုံးကို ဓားနဲ့လိုက်ခုတ်သတ်ခဲ့တယ်ဆိုတာလည်း မှန်တယ်လို့ ကနဦးစုံစမ်းမှုတွေအရ သိရပါတယ်။ ဒီဖြစ်စဥ်ကိုလည်း MT News သတင်းဌာနက ဖေဖော်ဝါရီလ ၉ ရက်ကတည်းက အတည်ပြုမေးမြန်းထားပေမဲ့ လက်ရှိအချိန်အထိ ဖြေကြားလာတာမရှိသေးပေမဲ့ AA ထောက်ခံသူတွေဘက်ကတော့ နစ်မြုပ်လုနီး မီးလောင်နေတဲ့ စစ််ရေယာဥ်တစ်စီးကို ကမ်းဘက်ကရိုက်ကူးပြီး သင်္ဘောပေါ်ကနေ’ကလေးတွေပါ’လို့ ငိုကြွေးအော်နေတာကို ဆဲဆိုပစ်ခတ်အောင်ပွဲခံနေတဲ့ ရုပ်သံလည်း ထုတ်ပြန်လာပါသေးတယ်။ ရက်စက်ယုတ်မာစွာ လုပ်ရက်တဲ့ AA လက်နက်ကိုင်တွေက ကလေးငယ်တွေနဲ့ နိုင်ငံ့ဝန်ထမ်းရာပေါင်းများစွာကို သတ်ဖြတ်မှုအပေါ် ခေါင်းမော့ရင်ကော့ ပွဲခံနေချိန်မှာ နစ်နာသူတွေဘက်က လူသိရှင်ကြားတောင် ငိုခွင့်မရဖြစ်နေတာကလည်း တော်တော်လွဲချော်နေတယ် ပြောရမှာပါ။

စစ်မှုထမ်းကြရတော့မဲ့ ပြည်သူ

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဖေဖော်ဝါရီ ၁၀ ရက်ကစ အာဏာတည်မယ်လို့ SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ကြေညာလိုက်ပြီဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမဲ့အသက်အရွယ်ကို “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။” လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ အနည်းဆုံးက ၂၄ လ တာဝန်ထမ်းရမှာဖြစ်ပြီး အများဆုံးကတော့ နိုင်ငံတော်အရေးပေါ်ကာလမှာ ငါးနှစ်တာဝန်ထမ်းရမဲ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းလိုလို့ ရှောင်လွှဲပျက်ကွက်ရင် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး အပြစ်တင်နေသူတွေမြင်ရပေမဲ့ အဲဒီလူတွေဟာ ရခိုင်မှာ AA၊ ရှမ်းမှာ MNDAA နဲ့ TNLA၊ ကချင်မှာ KIA နဲ့ KNU တို့က ကလေးသူငယ်ရော သာသနာ့နွယ်ဝင်တွေ ကျောင်းသားကျောင်းသူတွေပါမချန် အဓမ္မပေါ်တာဆွဲနေတာကိုတော့ မပြောတဲ့အပြင် စစ်မှုထမ်းချိန်မှာ ဘယ်လိုညာလိုလုပ်ရမယ်ဆိုတာမျိုး ကြုံးဝါးနေတာ၊ အောက်ခြေမှာလာဘ်စားခွင့်တွေရလာနိုင်တာကိုလည်း ရေးသားနေတာမြင်ရပါသေးတယ်။ ဒါ့အပြင် PDF တွေ လက်နက်ကိုင်တွေကလည်း ဒါကိုအခွင့်ကောင်းယူပြီး လူသစ်စုဆောင်းမှုလုပ်လာတာနဲ့ လှန့်လုံးခြောက်လုံးတွေသုံးပြီး လူငယ်တွေ အိမ်ပြင်မထွက်ရဲအောင်၊ အကြောက်လွန်ပြီးသူတို့ဘက်ကူးလာအောင် လုပ်နေတာကို မြင်ရပါသေးတယ်။ ဘယ်လိုပဲဝေဖန်နေပါစေ ကမ္ဘာမှာလည်းစစ်မှုမထမ်းမနေရနိုင်ငံတွေ ဆယ်နဲ့ချီရှိပြီး မြန်မာလိုအနီးဆုံးရန်သူက ပြည်တွင်းရော ပြည်ပပါ ရှိနေတဲ့နိုင်ငံမျိုးက စစ်မှုထမ်းဖို့ လုပ်သင့်တာလည်း အမှန်ပါပဲ။ ဒါပေမဲ့လည်း ဒီဥပဒေမှာတော့ ဥပဒေကိုအသုံးချပြီး အဂတိလိုက်စားတာမျိုး၊ ငွေရှိသူတွေချည်း ကင်းလွတ်ခွင့်ရနေတာမျိုးတွေ မဖြစ်အောင်တော့ တာဝန်ရှိသူတွေက သတိချပ်ရမှာပါလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေး သုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *