October 21, 2024

၁၂. ၂. ၂၀၂၄
Written by Phyo Wei

အဆမတန်တက်လာတဲ့ ကုန်စျေးနှုန်းဒဏ် အလူးအလဲခံနေရတဲ့ အငြိမ်းစားဝန်ထမ်းတွေကို ပင်စင်လစာ ၃၀၀၀၀ တိုးပေးမယ်ဆိုတာကြောင့် ပင်စင်စားတွေ ပျော်ခဲ့ကြပေမဲ့လည်း အမှန်တကယ်တော့ တိုးမြှင့်ပေးမှုမရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာပဲ လယ်ယာထွက်ကုန် ပို့ကုန်ရငွေနဲ့ စက်သုံးဆီ၊ စားသုံးဆီ တင်သွင်းဖို့၊ ရော်ဘာပို့ကုန်ရငွေနဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး တင်သွင်းဖို့ ခွင့်ပြုထားတာကြောင့် ပိုကုန်တိုးမြှင့်တင်ပို့ဖို့ တိုက်တွန်းလာပေမဲ့လည်း ကုန်သွယ်မှုလျာထားချက်ပြည့်ဖို့တောင် လေးဘီလျံလောက် လိုအပ်နေတဲ့အခြေအနေ ဖြစ်လာနေပါတယ်။

တစ်ဖက်မှာလည်း ဗဟိုဘဏ်က တစ်လကျော်ကာလအတွင်း ဒေါ်လာ သန်း ၁၀၀ နီးပါး ထုတ်ရောင်းပေးခဲ့တာ ကြောင့် မြင့်တက်စ ဒေါ်လာစျေး ပြန်ကျလာသလို အိန္ဒိယနိုင်ငံနဲ့လည်း ရူပီး၊ ကျပ် တိုက်ရိုက်ပေးချေ အသုံးပြုဖို့ စတင်ခဲ့တဲ့ ဒီရက်သတ္တပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အထည်ချုပ်စက်ရုံ ၂၉၈ ရုံ ပိတ်သိမ်းသွားတဲ့အကြောင်း၊ လေယာဉ်လက်မှတ်ဝယ်ရင် ထောက်ခံချက်ပါမှရမယ်ဆိုတဲ့ သတင်းပျံ့နှံ့လာမှုနဲ့ သန်း ၆၀၀ ကျော်ပဲ ဝင်တော့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအကြောင်းကို တင်ပြချင်ပါတယ်။

အထည်ချုပ်စက်ရုံ ၂၉၈ ရုံပိတ်သိမ်းမှု

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း ၂၉၈ ခု ရပ်နားသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံ ၅၂ ရုံ ရပ်တန့်သွားခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ရပ်တန့်သွားတဲ့ အထည်ချုပ် စက်ရုံအရေအတွက်က ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ ကုန်ကျစရိတ်မြင့် တက်လာတာနဲ့ အလုပ်သမားတွေ ရှာဖို့ အခက်အခဲတွေရှိလာတာကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေက အခုလို အခက်အခဲတွေကို စတင်ရင်ဆိုင်နေရတာလို့ ဂျပန်နိုင်ငံအခြေစိုက် Nikkei Asia သတင်းဌာနကလည်း ဖော်ပြထားပါတယ်။ အထည်ချုပ်အလုပ်သမားတွေက ပိုမိုကောင်းမွန်တဲ့ လစာနှုန်းတွေ ရရှိဖို့ ပြည်ပထွက်တာ ဒါမှမဟုတ် အခြားစက်ရုံတွေကို ပြောင်းရွှေ့တာတွေ လုပ်ဆောင်တာတွေ ရှိနေခဲ့တာပါ။ မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အထည်ချုပ် ဝန်ထမ်းတွေရဲ့ ဝင်ငွေကို တစ်ရက် မြန်မာကျပ်ငွေ ၅၈၀၀ အထိ တိုးမြှင့်ပေးခဲ့ပေမဲ့လည်း လက်ရှိဆန်ဈေးနှုန်းက ၂၀၁၈ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် သုံးဆမြင့်တက်နေတာမို့ လစာ တိုးမြှင့်ပေးတာတွေက အလုပ်သမားတွေကို ကြီးမားတဲ့ အကျိုးကျေးဇူး မဖြစ်စေခဲ့ဘူးလို့လည်း သိရပါတယ်။

အထည်ချုပ်စက်ရုံတွေဟာ မြန်မာနိုင်ငံက အတန်းပညာနည်းပါးတဲ့ အလုပ်လက်မဲ့အမျိုးသမီးတွေအတွက် အထောက်အကူပြုရာနေရာဖြစ်ပေမဲ့လည်း လက်ရှိမှာ ဒီအထည်ချုပ်စက်ရုံတွေဟာ NUG၊ NLD ထောက်ခံသူတွေရဲ့ ဖိအားကြောင့် ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ စက်ရုံတွေအပါအဝင် အထည်ချုပ်စက်ရုံများစွာ ပိတ်သိမ်းရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်တုန်းကလည်း ဒီလိုမျိုးပဲ နိုင်ငံရေးအကျပ်အတည်းကို စီးပွားရေးပေါ် ပုံချလို့ မြန်မာအမျိုးသမီးသိန်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြရပါသေးတယ်။ အထည်ချုပ်စက်ရုံ ၂၉၈ ရုံဟာ အနည်းဆုံး အမျိုးသမီးငယ် ၃ သိန်းလောက်ကို အလုပ်ပေးနိုင်တာဖြစ်လို့ ဒီကာလအတွင်း ၂၉၈ ရုံပိတ်သိမ်းမှုကို အနှစ်ချုပ်ရင် အမျိုးသမီးငယ် ၃ သိန်းလောက် အလုပ်လက်မဲ့ဖြစ်ရတဲ့သဘောတွေ့ရမှာဖြစ်ပြီး ဒီလိုမျိုး အလုပ်ပြုတ်၊ ဘ၀ပျက်သူတွေအတွက်တော့ NUG၊ NLD က အရင် ၂၀၀၃ တုန်းကလိုမျိုးပဲ ဘာတာဝန်မှ ယူမပေးနိုင်တာ တွေ့ရပါတယ်။

ထောက်ခံချက်ပါမှ စီးရတော့မဲ့ လေယာဉ်

လေကြောင်းလိုင်းခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်ဝယ်ယူရာမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးမှာဖြစ်ပြီးတော့ အုပ်ချုပ်ရေးမှုးရုံးတွေက ခွင့်မပြုတဲ့ ခရီးသည်တွေကို လေယာဉ်စီးနင်းခွင့်ပြုမှာမဟုတ်ဘူးလို လူမှုကွန်ရက်တွေပေါ်မှာ ဒီနေ့ သတင်းထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ ရုံးပိတ်ရက် ဆက်တိုက်ဖြစ်နေပြီး ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်မေးမြန်းနေသလို တိတိကျကျသတင်းသိရရင်လည်း ထုတ်ပြန်ပေးသွားမယ်လို မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)က တာဝန်ရှိသူက ပြောပါတယ်။ အလားတူ လက်မှတ်အရောင်း ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်မေးမြန်းတာတွေ ဆောင်ရွက်နေပြီး သက်ဆိုင်ရာဌာနက အတည်ပြုရင် အဲဒီအတိုင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ ထုတ်ပြန်ချက်အရ “ပြည်သူများ (ဝန်ထမ်းမဟုတ်သူ)မှ လေယာဉ်ဖြင့် ခရီးသွားလာရန် လေယာဉ်လက်မှတ်ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိမှသာ ရောင်းချပေးရန်နှင့် E-Ticket ဖြင့် ဝယ်ယူပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူး၏ ထောက်ခံချက်အား လေဆိပ်သို့ယူဆောင်လာစေရေး ဆောင်ရွက်ရန် ရည်ညွှန်းစာဖြင့် အကြောင်းကြားထားရှိလာပါသဖြင့် သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် အကြောင်းကြားပါသည်” ဆိုကာ ပို့ဆောင်‌ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အကြောင်းကြားစာပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီလိုမျိုး ထောက်ခံစာပါမှ လေယာဉ်စီးရမယ်ဆိုတဲ့ ညွှန်ကြားစာတွေ ပျံ့နှံနေမှုကို တာဝန်ရှိသူအသီးသီးထံ ဆက်သွယ်အတည်ပြုမေးမြန်းထားဆဲဖြစ်ပေမဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာသိအောင် လေယာဉ်ပျံပေးဆွဲမှုနဲ့ ကျော်ကြားတဲ့နိုင်ငံဖြစ်သလို လက်ရှိလိုကာလမှာ လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော်ဖြစ်လာပြီး တစ်နိုင်ငံလုံး မငြိမ်းချမ်းတဲ့အခိုက်အတန့်မှာ လေယာဉ်တစ်စီးလောက် ပြန်ပေးဆွဲခံရရင်ကို ဒေါ်လာသန်းချီ ဆုံးရှုံးမဲ့အပြင် လိုက်ပါစီးနင်းတဲ့ ပြည်သူတွေရဲ့ အသက်ဘေး၊ ပြည်ပနိုင်ငံသားတွေ ပါလာရင် ဖြေရှင်းရမဲ့ ဒုက္ခ ဒါတွေဟာ တာဝန်ရှိသူတွေကို ခေါင်းရှုပ်စေမှာ၊ တိုင်းပြည်အတွက်လည်း မလုံခြုံ၊ မအေးချမ်းတဲ့နိုင်ငံအဖြစ် ကမ္ဘာသိ သက်သေထပ်ထူမှာ၊ ကျဆင်းနေတဲ့ ခရီးသွားဝင်ရောက်မှုပါ ထပ်မံထိခိုက်လာမှာ ဖြစ်လို့ မလုပ်ရသေးရင်တောင် အမြန်လုပ်ဖို့ တိုက်တွန်းရမှာပါ။

သန်း ၆၀၀ ကျော်ပဲ ဝင်တော့တဲ့ FDI

ဟိုးအရင် ဆယ်စုနှစ် ဒီမိုကရေစီ ခေတ်ကောင်းစဉ်အချိန်က မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ နှစ်စဥ်လိုလို ဒေါ်လာ ၈ ဘီလျံကျော်အထိ မြင့်တက်ခဲ့ဖူးပြီး NLD အစိုးရဟောင်းလက်ထက်မှာတော့ ဒေါ်လာ ၅ ဘီလျံကျော်အထိ ကျဆင်းခဲ့ပေမဲ့လည်း SAC အစိုးရလက်ထက် ဒီဘဏ္ဍာနှစ်မှာတော့ ဆိုးဆိုးရွားရွားပြုတ်ကျလာပြီး ဒေါ်လာသန်း ၆၀၀ ကျော်ရုံလောက်ပဲ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအဝင်ရှိပါတယ်။

ဒီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကို FDI ဝင်ရောက်တဲ့ အခြေအနေဟာ စိုက်ပျိုးရေးကဏ္ဍမှာ ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍမှာ ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ဒေါ်လာ ၁၁၈ ဒသမ ၇၁၉ သန်း၊ စွမ်းအင်ကဏ္ဍမှာ ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်း၊ ပို့ဆောင်‌ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍမှာ ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်း၊ အိမ်ခြံမြေကဏ္ဍမှာ ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်းနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ဒေါ်လာ ၂ ဒသမ ၂၂၁ သန်းပဲ ဝင်ရောက်ခဲ့လို့ ဆိုးဆိုးရွားရွားကျဆင်းလာတဲ့အခြေအနေလည်း ဖြစ်လာတာ ဖြစ်ပါတယ်။

တာဝန်ယူမှု၊ တာဝန်ခံမှုမြင့်မားတဲ့ FDI ဝင်ရောက်မှုဟာ နိုင်ငံဖွံ့ဖြိုးဖို့နဲ့ ပြည်သူတွေ အလုပ်အကိုင်၊ ဝင်ငွေ တိုးတက် ကောင်းမွန်မှုကို ဦးတည်တာဖြစ်ပြီး FDI ကျဆင်းမှုကတော့ ဒီနှစ်ခုဖြစ်မလာတဲ့အပြင် နိုင်ငံ့ရဲ့ ဆုတ်ယုတ်မှုကိုပါ သက်သေပြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ FDI ဝင်ရောက်မှုကိုကြည့်မယ်ဆိုရင်လည်း NLD နဲ့ NUG ထောက်ခံသူတွေရဲ့ ဖိအားကြောင့် အိမ်နီးချင်းနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေက မဝင်တော့တဲ့အပြင် Risk ယူမြှုပ်နှံတတ်တဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကလည်း PDF တွေ တိုက်ခိုက်ဖျက်ဆီးမှုကို အဖြေရှာမရသေးတာကြောင့် အရင်လို မြှုပ်နှံမှုမပြုတာကို တွေ့ရပါတယ်။ နိုင်ငံရေးအကျပ်အတည်းကို လက်နက်နဲ့ ဖြေရှင်းနေပြီး မဆိုင်တဲ့ စီးပွားရေးကိုပါ ဆွဲထည့်ဒုက္ခပေးနေတာကြောင့် တိုင်းပြည်ဆုတ်ယုတ်ကျဆင်းလာခြင်းဟာ အဖြေမှန်လား၊ အဖြေမှားလားဆိုတာကိုတော့ အာဏာအကြိမ် ၂၀ သိမ်းတာတောင် စီးပွားရေးကို အထိမခံလို့ မြန်မာထက် အဆ ၁၀၀ လောက် တိုးတက်နေတဲ့ ထိုင်းနိုင်ငံရေးကိုကြည့်ပြီး သင်ယူပါဦးလို့ပဲ အသိဉာဏ်နည်းတော်လှန်သူတွေကို တိုက်တွန်းရတော့မှာပါလို့ ယူဆမိတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ…။

Leave a Reply

Your email address will not be published. Required fields are marked *