October 20, 2024

၁၂ .၂ .၂၀၂၄
Written by Hey Mar

မန္တလေးကနေ စိန်ဖူးတော်ပင့်ဆောင်ပြီး မော်လမြိုင်မြို့ ပဲခူးမွန်ပရိယတ္တိစာသင်တိုက်ကို ပြန်လာတဲ့ Canta အဖြူရောင်ယာဥ်ဟာ ဘရိတ်ပေါက်ပြီး ရှေ့က Super Custom ယာဥ်ကို ဝင်တိုက်ခဲ့တာကြောင့် တိမ်းမှောက်ကာ ယာဥ်ပေါ်ပါ သံဃာနဲ့ ကိုရင်တွေ ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် နေ့လည် ၃ နာရီအချိန်က မွန်ပြည် နယ် မော်လမြိုင်မြို့အနီး ညောင်ခါးရှည်ဂိတ်အကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီ ပေးခဲ့တဲ့ ဖေးမကူညီ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က ညောင်ခါးရှည် အောင်စိုးမိုးဆီဆိုင်အကျော်မှာ ဖြစ်ပွားခဲ့ပြီး စိန်ဖူးတော်တင်ယာဥ် ဘရိတ်ပေါက်ပြီးရှေ့ကားကို ဝင်တိုက်မိကာ မြောင်းထဲထိုးကျခဲ့တာကြောင့် ယာဥ်ပေါ်ပါ ကိုရင် ၁၀ ပါး၊ ဦးဇင်း သုံးပါး ၊ ဆရာတော် တစ်ပါးနဲ့ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖေးမကူညီ လူမှုကူညီရေး အသင်း တာဝန်ရှိသူက “အားလုံး စုစုပေါင်း ကားပေါ် ၂၈ ယောက် ပါလာကြတာ။ကိုရင်လေးပါးက စိုးရိမ်ရတယ် အနီရောင်အဆင့်ပါ။ ကျန်တဲ့ ကိုရင်လေးတွေက ပွန်းပဲ့ ဒဏ်ရာရကြတယ်။ ကျွန်မတို့အသင်းက စုစုပေါင်း ၁၂ ဦးကို အကူအညီပေးပြီး ညောင်ခါးရှည် တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးပေမယ့် အကုန်လုံးကို ဝေါ ပြည်သူ့ဆေးရုံကို ထပ်လွှဲလို့ အခု လိုက်ပို့နေပါတယ်။ ကျန်တဲ့သူတွေကို ကူညီဖို့လည်း ဝေါ နဲ့ သိမ်ဆိပ်က လူမှုကူညီရေးအသင်းတွေ ဆင်းလာနေပါတယ်” လို့ MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန် လည်ဖြေကြားပါတယ်။

ဓာတ်ပုံ – ဖေးမကူညီ လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *