October 20, 2024

၁၂. ၂ .၂၀၂၄
Written by Hey Mar

နေပြည်တော်ရှိ တိရစ္ဆာန်ရုံမှာ အစာကျွေး သန့်ရှင်းရေး လုပ်ပေးရတဲ့ ဝန်ထမ်းတစ်ဦး ပြီးခဲ့တဲ့ ၁၂ လပိုင်းအတွင်းက ကြံ့ခွေ့ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ လက်ရှိအချိန်အထိ ပြန်လည်ထူထောင်နိုင်ဖို့ အခက်အခဲတွေ ရှိနေသေးတဲ့အခြေအနေလို့ MT News က ဆက်သွယ်မေးမြန်းကြည့်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်က အသက် ၂၀ အရွယ် ဝန်ထမ်းအမျိုးသားက သူ့ဂျူတီအချိန်မှာ သန့်ရှင်းရေးလုပ်ကိုင်ပေးပြီး အစာကျွေးဖို့ ကြိုးစားစဥ်မှာ အခုလို မထင်မှတ်တဲ့ မတော်တဆ တိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။ အနီးဝန်းကျင်က ဝန်ထမ်းတွေ ဝိုင်းဝန်းကူညီတာကြောင့် ဆေးရုံ အမြန်တင်ပို့နိုင်ခဲ့ပြီး အသက်ရှင်ခဲ့ပေမယ့် ဝန်ထမ်းမှာ ဘေလုံးထုတ်လိုက်ရပြီး ညှပ်ရိုးကျိုးဒဏ်ရာ၊ နောက်ကျော အဆုတ်အထိပေါက်ပြဲ ဒဏ်ရာ၊ နှဖူးကွဲပြီး ပုံမှန်အတိုင်း ဝမ်းသွားလို့မရတော့တဲ့အတွက် ဗိုက်ဖောက်ပီး ဗိုက်မှာ ဝမ်းအိတ်နဲ့ ဆီးပိုက်နဲ့ နေနေရတဲ့ အနေအထားထိ ဖြစ်ခဲ့တာပါ။ ဒါ့အပြင် ခြစ်ရာ ကြံ့ခွေ့ရာတွေလည်း ခန္ဓာကိုယ်အနှံ့ များစွာ ရရှိထားတာလို့ သိရပါတယ်။

ကြံ့ခွေ့ခံရတဲ့ ဝန်ထမ်းအမျိုးသားငယ်ရဲ့ အမ ဖြစ်သူက “အခုတော့ ကျန်းမာရေးက အဆင်ပြေလာပါပြီ၊ သက်သာလာတဲ့ အခြေအနေပါ။ တိရစ္ဆာန်ရုံမှာ အလုပ်လုပ်နေတာလည်း တစ်နှစ်ကျော်ကြာပါပြီ။ အခုလို ဖြစ်သွားတဲ့အတွက် တိရစ္ဆာန်ရုံ အုပ်ချုပ်သူတွေက ဆေးကုသမှုအပိုင်းမှာ အားလုံးတာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်”လို့ MT News ကို ပြောပါတယ်။

ကြံ့ခွေ့ခံရတဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်းအမျိုးသားက နေပြည်တော် ဇေယျာသီရိမြို့နယ် လေသာရွာဘုန်းကြီးကျောင်းအနီးမှာ နေထိုင်ပြီး ကျောထောက်နောက်ခံ မပြည့်စုံတဲ့မိသားစုမို့ အခုလို ဝေဒနာဖြစ်လာတဲ့အခါ စောင့်ကြည့် ပြုစုရတာရော၊ ဖြည့်စွက်အာဟာရ ဓာတ်စာအတွက်ကုန်ကျစားရိတ်တွေပါရှိလာတဲ့အခါ စားဝတ်နေရေး အခြေအနေ အခက်အခဲတွေ့ကြုံနေရတယ်လို့ သူတို့မိသားစုဆီကို သွားရောက်လှူဒါန်းခဲ့တဲ့ ပျဥ်းမနားအခြေစိုက် ကရုဏာရှင် လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။

အဆိုပါ အသင်းတာဝန်ရှိသူက”ကုမ္ပဏီဘက်က ကူညီတယ်ဆိုပေမယ့်လည်း မိသားစုက မပြည့်စုံတော့ လူနာကိုလည်း တစ်ဦးက အနီးကပ်ကြည့်နေရတော့ ငွေကြေးအပိုင်းအရ အခက်အခဲတွေ လကြာလေ ကြုံရလေပါပဲ။ ကျွန်တော့်ကိုလည်း အလှူရှင်တစ်ဦးက ကိုယ်စားလှုခိုင်းလို့ သွားလှူရင်း အခြေအနေကို မြင်လာခဲ့တာပါ”လို့ MT News ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာတော့ ဆေးရုံပြဖို့ ရက်ချိန်း ပြန်ချိန်းတဲ့အတွက် သွားရောက်ပြသရမှာဖြစ်ပြီး ဧပြီလလောက်မှာ ဆီးလမ်းကြောင်း ပြန်လည်ပြောင်းလဲကုသမှု ခံယူရမှာလို့ သိရပါတယ်။ ဝမ်းဗိုက်က အပေါက်ကို ပြန်လည်ကုသဖို့အတွက်ကိုတော့ ဘယ်လောက်ကြာကြာစောင့်ရမယ် သေချာမ​သိရှိရသေးဘူးလို့ ဝန်ထမ်းအမျိုးသားရဲ့ အမဖြစ်သူထံကနေ သိရပါတယ်။ ဆက်သွယ်ကူညီချင်သူတွေအနေနဲ့ မိသားစု တိုက်ရိုက်ဖုန်း 09694706112 ကိုလည်း ဆက်သွယ်နိုင်သလို ၊ လူမှုကူညီရေး အသင်းဖြစ်တဲ့ ကရုဏာရှင် လူမှုကူညီရေးအသင်းကနေတစ်ဆင့်လည်း ဆက်သွယ်လှူဒါန်းကူညီပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *