October 20, 2024

၁၂. ၂. ၂၀၂၄
Written by Naing Thuta

မန္တလေးမြို့ရှိ နေရာအချို့တွင် ယနေ့မနက်ပိုင်းက ရခိုင်လူမျိုးများရောင်းချသော စျေးဆိုင်များ၌ မစားသောက်ရန်နှင့် လူမျိုး ရေးပဋိပက္ခဖြစ်ပွားစေနိုင်သော လှုံ့ဆော်စာများကပ်သွားကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ယနေ့ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၆၃ လမ်းထောင့်ရှိ ဓာတ်တိုင်တွင် A4 ဆိုတ် စက္ကူအဖြူရောင်ပေါ်၌ အနက်ရောင် ကွန်ပျူတာစာလုံးဖြင့် စာစီရိုက်နှိပ်ထားသော “မန္တလေးမြို့ပေါ်မှာ ရခိုင်ဆိုင်တွေ လုံးဝ(လုံးဝ) အလိုမရှိ”နှင့် “ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နဲ့ အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် တားမြစ်လိုက်သည်” (မန္တလေးမြို့သူမြို့သားများ) စာသားများပါ စာရွက် ၂ ရွက်အား ကော်ဖြင့်ကပ်လျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရခိုင်ဆိုင်တွေမှာ စျေးမဝယ်ဖို့ ဝါဒဖြန့်တဲ့စာတွေ ဒီနေ့မနက်က မန္တလေးမြို့ပေါ် နေရာတော်တော်များများမှာ တွေ့တယ်လို့ ကြားတယ်။ ကျွန်တော်တို့နားက ဓာတ်တိုင်မှာလည်း ကပ်သွားလို့ သက်ဆိုင်ရာက လာခွာသွားတာတော့ တွေ့လိုက်တယ်။ အခုလို လူမျိူးရေး ပဋိပက္ခဖြစ်ပေါ်နိုင်တဲ့ ဝါဒဖြန့်တဲ့ စာတွေတော့ မကပ်စေချင်ပါဘူး။ ဒီနေ့လို သမိုင်းဝင် ပြည်ထောင်စုနေ့မှာ ကပ်တယ်ဆိုကတည်းက တိုင်းပြည်ကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲစေချင်ကြတာပဲဖြစ်မယ်။ ရခိုင်ပြည်နယ်မှာ AA အဖွဲ့က နိုင်ငံ့ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေ လိုင်းပေါ်တက်လာတာတွေ့တော့ မခံနိုင်တဲ့ လူတွေက အခုလို လိုက်ပြီး စာတွေကပ်တာပဲဖြစ်မယ်။ တိုင်းပြည်ကိုလည်း အမြန်အေးချမ်းစေချင်ပါပြီ”ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

အလားတူပင် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ လမ်း ၈၀ နှင့် ၄၂ လမ်း၊ “ချမ်းမြမာလာ” ဂုံး‌ကျော်တံတားပေါ်ရှိ လေ့ကျင့်ခန်းပြုလုပ်သည့် နေရာအနီးဆိုင်းပုဒ်တိုင်မတွင် A-4 စာရွက်ပေါ် စာလုံးအမည်းဖြင့် ရေးသားထားသည့် “မန္တလေးမြို့ပေါ်မှာ ရခိုင်ဆိုင်တွေမှန်သမျှ လုံးဝ-လုံးဝ အလိုမရှိ”၊ “ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကိုသွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်”၊ “လူမျိုးရေးဝါဒစွဲ ပြင်းထန်ပြီး အစွန်းရောက်နေတဲ့ ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေ အခုချက်ချင်းပိတ်သိမ်းပါ” စာသားပါ စာများကိုလည်း ကပ်ထားကြောင်း သိရသည်။

အဆိုပါစာသားများကိုလည်း အမရပူရခရိုင်၊ အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာရှိ “ဦးရွှေတောင်” တံတားတွင် မြောက်မှတောင်သို့ မောင်းနှင်လာသည့် CZI 125 (အနီးအနက်ကြား) ဆိုင်ကယ်စီးနှင်းလာသူနှစ်ဦးသည် လာရောက်ကပ်သွားကြောင်း ရွာခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထိုစာသားများကိုလည်း သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ဖယ်ရှားဖြုတ်ယူသွားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *