October 20, 2024

၁၂. ၂. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းက မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနဲ့ တာဝါတိုင်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၇ နာရီမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နဲ့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းတို့ ပူးပေါင်းပြီး တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တာဝါတိုင်စခန်းက လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ရှင်းလင်းဆောင်စခန်းက ၁၂ ဦး ကျဆုံးတယ်လို့ သာယာဝတီ PDF က ပြောပြီး အဲဒီတိုက်ပွဲအပြီးမှာ ရှင်းလင်းဆောင်ကို မီးရှို့ခဲ့သလို ကပစ-၃ က ဒုတပ်ကြပ်ဇင်အောင် ကိုလည်း MA3 သေနတ်တစ်လက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ်ကြောင်းက PDF တောင်တန်း ကျည်ထိမှန်သေဆုံးခဲ့သလို အရှင်မိခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ကပစ-၃ က ဒုတပ်ကြပ်ဇင်အောင်ဟာလည်း တိုက်ပွဲမှာ ရရှိဒဏ်ရာတွေကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၆ နာရီမှာ သေဆုံးသွားလို့ မနက် ၈ နာရီမှာ မြေမြှုပ်လိုက်တယ်လို့ ပြောပါတယ်။

ကပစ – ၃ က ဒုတပ်ကြပ်ဇင်အောင်ကို ဖမ်းမိစဥ်က ထုတ်ပြန်ပုံမှာ ဒဏ်ရာအကြီးအကျယ်ရထားတာ မတွေ့ရဘဲ လက်ပြန်ကြိုးတုပ်၊ ငုတ်တုတ်ထိုင်ဖမ်းဆီးနေချိန်မှာ PDF တစ်ယောက်က ရေတိုက်နေပုံနဲ့ ထုတ်ပြန်ခဲ့တာဖြစ်လို့ အခုလို ဖမ်းမိပြီး တစ်ရက်မပြည့်ခင် သေသွားတယ်လို့ ထုတ်ပြန်မှုကို မေးခွန်းထုတ်နေကြပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထုတ်ပြန်ချက်အောက်မှာ ဒုတပ်ကြပ်ဇင်အောင်ကို သာယာဝတီ PDF က သတ်လိုက်တာလို့လည်း မေးခွန်းထုတ်နေတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *