October 19, 2024

စစ်ဒဏ်ကြောင့် ပျက်စီးနေရသော ရာဖာမြို့

၁၂. ၂. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးစစ်ဖက်က ဂါဇာကမ်းမြောင်တောင်ပိုင်း၊ ရာဖာမြို့ကို ညလုံးပေါက်အထူးစစ်ဆင်ရေးဆင်နွှဲခဲ့ရာတွင် ဖမ်းဆီးခံထားရသော ဓားစာခံနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

စစ်ဆင်ရေးကို အစ္စရေး လုံခြုံရေးတပ်ဖွဲ့များနှင့် အစ္စရေးရဲတပ်ဖွဲ့တို့ ပူး ပေါင်းဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး ပြန်လည်ကယ်ဆယ်နိုင်ခဲ့သော ဓားစာခံနှစ်ဦးမှာ အသက် ၆၀ နှစ်ရှိ ဖာနန်ဒို ဆီမွန် မာမန်နှင့် အသက် ၇၀ နှစ်ရှိ လူးဝစ်ဟားတို့ ဖြစ်ကြပြီး အောက်တိုဘာ ၇ ရက်မှစ၍ ဟားမားစ်တို့လက်တွင် ၁၂၈ ရက်ကြာ ဖမ်းဆီးခံထားရခြင်းဖြစ်သည်။၎င်းတို့နှစ်ဦးက ကျန်းမာရေးကောင်းမွန်သည့် အနေအ ထားတွင် ရှိကြပြီး အစ္စရေးနိုင်ငံ၊ တယ်လ်ဟာရှိုမာ ဒေသ ဆေးရုံသို့လွှဲပြောင်းပေးခဲ့ကြောင်းအစ္စရေးစစ်ဖက်က ပြောခဲ့သည်။

ရာဖာမြို့မှာ အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံနေရပြီး ပါလက်စတိုင်းကြက်ခြေနီအဖွဲ့ကလည်းအစ္စရေးတို့၏ မကြာမီက လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၆၀ ကျော်သေဆုံးခဲ့ရကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ရာဖာ အုပ်ချုပ်ရေးအဖွဲ့ကလည်း လေကြောင်းတိုက်ခိုက်မှုများက အနည်းဆုံးဗလီနှစ်လုံးနှင့် အိမ်အများအပြားပျက်စီးစေခဲ့ကြောင်း ပြောခဲ့သည်။

ဂါဇာဒေသအတွင်း အခြားသော လူနေထူထပ်သည့်နေရာများတွင် အစ္စရေးတို့၏လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ရန်အတွက် ထွက်ပြေးလာကြသော ပါလက်စတိုင်းစစ်ပြေးဒုက္ခသည်များ အတွက် ရာဖာမြို့က နောက်ဆုံးခိုလှုံရာမြို့ဖြစ်နေရသည်။ ယခုအခါ ရာဖာမြို့၌ လူဦးရေ ၁ ဒသမ ၃ သန်းကျော် ရှိနေသည်ဟု ခန့်မှန်းရပြီး အများစုမှာ ဂါဇာဒေသရှိ အခြားဒေသများမှ ရွှေ့ပြောင်းလာကြသူများဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။

ရာဖာမြို့မှ ထွက်ပြေးလွတ်မြောက်ရာတစ်ခုတည်းသောလမ်းကြောင်းဖြစ်သည့် အီဂျစ်နယ်စပ်သို့ထွက်ရာ ရာဖာဂိတ်မှာလည်း ဂါဇာ၏နယ်စပ်တစ်လျှောက် အခြားဒေသ များကဲ့သို့ပင် လနှင့်ချီ၍ ပိတ်ဆို့ခံထားရသည်။ နိုင်ငံတကာက ရာဖာမြို့သို့ အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ဝင်ရောက်မှုမပြုလုပ်ရန် သတိပေးမှုများပြုလုပ်ခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ဂါဇာကို ဝင်ရောက်တိုက်ခိုက်မှုမပြုခြင်းသည် အစ္စရေးအဖို့ စစ်ပွဲကို အရှုံးပေးခြင်းသာဖြစ်မည်ဖြစ်ကြောင်း၊အရပ် သားများအတွက် ထောက်ပံ့ရေးလမ်းကြောင်းများပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ သို့သော်အသေးစိတ်ကိုမူ ပြောကြားကမ်းလှမ်းခြင်းမရှိပေ။

Ref-CNN

Leave a Reply

Your email address will not be published. Required fields are marked *