October 19, 2024

MT News
၁၂. ၂. ၂၀၂၄

လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်း၊ ပြည်ပမှ အဖျက်သမားများသည် မိမိတို့နိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့် အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများဖော်ဆောင်လျက်ရှိနေကြပြီး ထိုကဲ့သို့ မတည်ငြိမ်မှုများကြောင့်အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရကြခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသားပြည်သူများမှာဆင်းရဲဒုက္ခများစွာ ခံစားနေကြရသဖြင့် ရေရှည်တွင် နိုင်ငံတော်အတွက်အဘက်ဘက်မှ အန္တရာယ်ကြီးမားလှသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ကြရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ကြောင့် ပြည်ထောင်စုအကျိုး အမြဲရှေးရှုသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ထားကာ ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသားအားလုံး၏ အားပေးထောက်ခံမှုနှင့် တပ်မတော်နှင့်ပြည်သူ တစ်သားတည်း ရပ်တည်မှုတို့သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံပံ့ပိုးမှု တစ်ရပ်ပင်ဖြစ်ကြောင်း သို့ဖြစ်ပါ၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း SAC ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် လက်ရှိအချိန်တွင် ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသားများ အကြား အပြန် အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းတည်ဆောက်ကာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသား အဖွဲ့အချို့က တောင်းဆိုနေသောအချက်များအားလုံးပါဝင်ပြီး ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် သုံးရပ်အဖြစ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်ကြောင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်သောကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကိုကြည့်၍ နိုင်ငံရေး နည်းလမ်းအရဖြေရှင်းကြကာ မိမိတို့မျှော်မှန်းထားသည့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း SAC ဥက္ကဋ္ဌက သဝဏ်လွှာမှတစ်ဆင့် ပြည်သူများသို့ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *