October 20, 2024

၁၁. ၂. ၂၀၂၄
Written by Nyein Kyaw

လက်ရှိတွင် အကြမ်းဖက်သောင်းကျန်းသူများက သူတစ်လူ ငါတမင်း၊ နယ်တစ်နယ် ဓါးတစ်စင်း စစ်ဘုရင်ဝါဒကို ကျင့်သုံးနေ၍ ပြည်သူစစ်၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းပေးရေး အင်တိုက် အားတိုက် တောင်းဆိုနေမှုများကြောင့် ပြည်သူ့စစ်၊ ဒေသခံကာကွယ်ရေးအဖွဲ့များထက် ဥပ‌ဒေနှင့်ညီညွှတ်ပြီး ပို၍စနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းစနစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများအနေနဲ့ ဘယ်လိုပဲ နာမည်ကောင်းတွေနဲ့ ဟစ်ကြွေးနေပါစေ သူတို့ လိုချင်တာက စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတမင်း၊ နယ်တစ်နယ် ဓါးတစ်စင်း ဝါဒကို ကျင့်သုံးချင်နေတာပဲ ဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒါတွေကို မြင်နေရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိနိုင်ငံအတွင်း သူတစ်လူ ငါတမင်း စစ်ဘုရင်ဝါဒများ ကျင့်သုံးနေမှုအပေါ် နိုင်ငံချစ်စိတ်ရှိသည့် နိုင်ငံသားများက ပြန်လည်တိုက်ဖျက်ရန် တောင်းဆိုနေမှုများကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဒီအတွက်လည်း မျိုးချစ်စိတ်ရှိတဲ့ နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ်ရှိတဲ့ နိုင်ငံသားတိုင်းက ကာကွယ်နိုင်ဖို့ ပြည်သူ့ညစစ်အဖွဲ့များ ဖွဲ့စည်းပေးခြင်း၊ ဒေသခံကာကွယ်ရေးတပ်များ ဖွဲ့စည်းပေးရေး အင်တိုက်အားတိုက် တောင်းဆိုနေတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များထက် ပိုပြီးဥပဒေနဲ့ ညီညွတ်တဲ့ ပိုပြီးစနစ်ကျတဲ့ ဒီပြည်သူ့စစ်မှုထမ်းစနစ်ကို ပြဋ္ဌာန်းရခြင်း၊ တည်ဆောက်ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် တည်ငြိမ်အေးချမ်းမှုကို နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်ကြရန်လိုအပ်ပြီး ပြည်သူများ လိုလားသည့် စစ်မှန်စည်းကမ်းပြည့်သည့် ဒီမိုကရေးစီစနစ်ကို ကာကွယ်ရန် စစ်ဘုရင်ဝါဒ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်း အကျင့်ဆိုးများကို တိုက်ခိုက်ရန် ပြည်သူအားလုံး ပြည်သူ့စစ်မှုထမ်းစနစ်ကို အားပေးထောက်ခံ၍ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် ဗိုလ်ချုပ်ဇော်မင်းထွန်းက တိုက်တွန်း ပြောကြားသည်။

“ဒါကြောင့် နံပါတ်တစ်အနေနဲ့ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားနဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်ရေးအတွက် ဒီပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံသားအားလုံး ပါဝင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *