October 20, 2024

၁၁. ၂. ၂၀၂၄
Written by Pan Ei

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မြေပြိုမှုကြောင့် သေဆုံးသူ အရေအတွက် ၅၄ ဦးအထိ တိုးလာတယ်လို့ ကယ်ဆယ်ရေးလုပ်သားတွေက ရွှံ့နွံတွေထဲက အလောင်းတွေကို ထပ်မံတူးဖော်နေချိန် ဒီနေ့ညနေပိုင်းမှာပဲ ပြည်နယ်အစိုးရက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက Davao de Oro ပြည်နယ် Maco မြို့က ရွှေတွင်းတစ်ခုအနီးမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး အဲ့ဒီဒေသက နေအိမ်တွေနဲ့ Apex Mining က ဝန်ထမ်းတွေ အလုပ်လုပ်ရာနေရာကို သွားရောက်ရာမှာ အသုံးပြုတဲ့ ဖယ်ရီယာဉ်တွေ မြေအောက်ထဲ နစ်မြုပ်ခဲ့ပြီး Davao de Oro ပြည်နယ်အစိုးရက ကယ်ဆယ်ရေးသမားတွေဟာ အလောင်းတွေထပ်မံတွေ့ရှိရကြောင်းဖော်ပြခဲ့ကာ မြေပြိုမှုကြောင့် လူ ၅၄ ဦးသေဆုံးခဲ့ပြီး ကနဦးက ဖော်ပြထားတဲ့ သေဆုံးသူ ၃၇ ဦးထက် အရေအတွက် ပိုမိုတိုးလာတယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလက်ရှိမှာ ပျောက်ဆုံးသူဦးရေ ၆၃ ဦးရှိပြီး အရေ အတွက်ကို အတည်မပြုနိုင်သေးကြောင်း ပြည်နယ်အစိုးရက ပြောကြားထားကာ မြေပြိုမှုကြောင့် စုစုပေါင်း လူ ၃၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူတစ်ဦးဖြစ်သူ Edward Macapili က ကယ်ဆယ်ရေးမှာ လူပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့ပေမဲ့မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရွှံ့ထူထပ်ခြင်းနဲ့ မြေပြိုခြင်းအန္တရာယ်တို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေရှိနိုင်သေးလားလို့ မေးမြန်းရာမှာ Macapili က “မဖြစ်နိုင်ဘူး” လို့ ဆိုပေမဲ့ ရှာဖွေမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီရက်သတ္တပတ်တွေအတွင်းက Davao de Oro ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *