၁၁. ၂. ၂၀၂၄
Written by Nay Aung
အသက် ၄၇ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား ရစ်ချက်ပေါလ်ဟာ အမြင့် ၂၃ ပေကျော်ရှိ အီဖယ်မျှော်စင်ကို မီးခြစ်ဆံပေါင်း ၇ သိန်းကျော်အသုံးပြုပြီး ၈ နှစ်ကျော်ကြာအချိန်ခံတည်ဆောက်ခဲ့တာဖြစ်ပေမယ့် ကမ္ဘာ့ဂင်းနစ်စံချိန်စောင့်ကြည့်ရေးအဖွဲ့က ရစ်ချက်ပေါလ်ဟာ အမြင့် ၂၃ ပေရှိ အီဖယ်မျှော်စင် ပုံစံတူ မျှော်စင်ကိုတည်ဆောက်ရာမှ ယမ်းခေါင်း မပါတဲ့ မီးခြစ်ဆံတွေကို အသုံးပြုခဲ့တာကြောင့် မီးခြစ်ဆံနဲ့ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်တည်ဆောက်နိုင်သူအဖြစ် စံချိန်တင်ဖို့ ငြင်းပယ်ခံလိုက်ရပါတယ်။
ပြင်သစ်နိုင်ငံသားဟာ ၂၀၁၅ ခုနှစ်ကစပြီး မီးခြစ်ဆံ ၇၀၆၉၀၀ ကို အသုံးပြုကာ အကွက်ရေ ၄၀၂ ကွက်ရှိတဲ့ အီဖယ်မျှော်စင် တည်ဆောက်ဖို့ နာရီပေါင်း ၄၂၀၀ ဝန်းကျင် အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသားတည်ဆောက်တဲ့ မီးခြစ်ဆံနဲ့ ပြုလုပ်တဲ့အီဖယ်မျှော်စင်ဟာ လက်ရှိအချိန်မှာစံချိန်တင်ထားတဲ့ လက်ဘနွန်နိုင်ငံသား တူဖစ်ဒါဟာရဲ့ မီးခြစ်ဆံ အီဖယ်မျှော်စင်ထက် ပိုမြင့်မားပါတယ်။
လက်ဘနွန်နိုင်ငံသား တူဖစ်ဒါတည်ဆောက်ထားတဲ့ မီးခြစ်ဆံမျှော်စင်ဟာ အမြင့် ၂၁ ပေ နဲ့ ၅ လက်မကျော်သာရှိနေပြီး မီးခြစ်ဆံနဲ့ တည်ဆောက်တဲ့ အမြင့်ဆုံး မျှော်စင်အဖြစ် သတ်မှတ်ခံထားရပါတယ်။
“ကျွန်တော်ဟာ နှစ်ပေါင်းများစွာကြာ အချိန်ကုန်ခံပြီး မီးခြစ်ဆံတွေနဲ့ မျှော်စင်တည်ဆောက်ခဲ့တယ်။ ဒါပေမယ့် ဂင်းနစ်စံချိန်မှတ်တမ်းမှာ နာမည်မပါလို့ စိတ်ဆိုးဒေါသဖြစ်ရတယ်။ အလွန်မျှတမှုမရှိဘူးလို့ ခံစားရတယ်။ကျွန်တော်ရဲ့မျှော်စင်က မီးခြစ်ဆံတွေနဲ့ ထောင်မတ်ပြီး အမြင့်ပေ ၂၃ ပေရှိပါတယ်။ မျှော်စင်တည်ဆောက်ရာမှာအသုံးပြုခဲ့တဲ့ မီးခြစ်ဆံတွေဟာ တစ်ခုနဲ့တစ်ခု ထိမကပ်ဘူးဆိုရင် ကျွန်တော်ကို ပြောပါ”လို့ ရစ်ချက်ပေါလ်က
ပြောပါတယ်။
ရစ်ချက်ပေါလ်ဟာ အဆိုပါမျှော်စင်ကို တည်ဆောက်ရာမှာ မီးခြစ်ဆံတွေကို ဆိုင်က ဝယ်ယူခဲ့ပေမယ့် မီးခြစ်ဆံခေါင်းတွေကို ဖြုတ်တာမျိုးရှိနေတယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့က ပြောပါတယ်။
Ref odditycentral