၁၁. ၂.၂၀၂၄
Written by Hey Mar
လူမှုကူညီရေးအသင်းရုံး မီးလောင်မှုဖြစ်စဥ်တစ်ခုဟာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ဇေယျာသီရိ (၄)ရပ်ကွက်၊ အောင်သပြေလမ်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၂ နာရီကျော်အချိန်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံက သိရပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့အသင်းက ကရုဏာ နာရေးကူညီမှုအသင်း (မြိတ်မြို့) လို့ သိရှိရပြီး မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါမီးလောင်မှုကြောင့် အသင်းရုံးအပါအဝင် အသင်းပိုင် သူနာတင်ယာဥ် ၅ စီးပါ မီးလောင်ကျွမ်းပျက်စီးခဲ့သလို ဘေးဘက်နဲ့ အနောက်ဘက်က နေအိမ် ၄ လုံးလည်း ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ် ။
မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ရွှေရောင်နေ့သစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ငြှိမ်းသတ်ချိန် တစ်နာရီကျော် ကြာပါတယ်။ အောက်စီဂျင်အိုးတွေလည်း ရှိနေတော့ လောင်အားကောင်းပြီး ပေါက်ကွဲတာတွေပါ ဖြစ်တယ်။ မီးသတ်နဲ့ လူ ထိခိုက်မှုတော့ မရှိပါဘူး။ အသင်းကြီးဖြစ်တာမို့ နှမြောမိပါတယ်။ အသင်းရဲ့ ပြန်လည်ထူထောင်ရေးကို ပရဟိတ အသင်းတစ်သင်းအနေနဲ့ ဝိုင်းဝန်းကူညီသွားဖို့ တတ်နိုင်တဲ့ဘက်က ဝန်းရံသွားမှာ”လို့ MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဥ်ကို မြိတ်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပရဟိတ လူမှုကူညီရေး အသင်းတွေကလည်း ဝိုင်းဝန်းကူညီ သွားရောက်ငြှိမ်းသတ်ခဲ့လို့ မနက် ၃နာရီ ၃၅ မိနစ်အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။