◾ စစ်မှုထမ်းဥပဒေမှာ ၁၉၅၉ ခုနှစ်ကတည်းကရှိပြီး ယခုပြဋ္ဌာန်းခြင်းမှာလည်း စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်း ဆောင်ရွက်ခြင်းမဟုတ်ဟု ဆို
၁၁. ၂. ၂၀၂၄
Written by Nyein Kyaw
စစ်မှုထမ်းဥပဒေကို ယခုမှစတင်ဆောင်ရွက်ခြင်းမဟုတ်ဘဲ ၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ မဖြစ်မနေ ကျင့်သုံးရန် လိုအပ်လာခြင်းကြောင့် စစ်မှုထမ်းဥပဒေ အာဏာတည်ခြင်းကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင် အာဏာတည်ကြောင်း သတ်မှတ်ခဲ့သည့် အမိန့်ကြော်ငြာစာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စတင်အာဏာ သက်ဝင်လာပြီဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် (၂၇/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထားခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်သည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အခုမှ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာရှိပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် (၂၇/၂၀၁၀) နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး သတ်မှတ်ခဲ့တာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသည့် စစ်ရေးဗျူဟာမှာ ပြည်သူ့စစ်မဟာဗျူဟာဖြစ်ပြီး မြန်မာနိုင်ငံနှင့် သင့်လျော်သည့် စစ်မဟာဗျူဟာကို သုံးသပ်ချမှတ်ရာတွင် ၁၉၆၄ ခုနှစ်၊ တပ်မတော်၊ တပ်မှူးများ ညီလာခံမှစတင်ပြီး အကောင်အထည်ဖော်ရန် စတင်ဆွေးနွေးခဲ့ပြီးနောက် ၁၉၆၇ ခုနှစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို လက်ခံရေးဆွဲခဲ့ခြင်းဖြစ်သည်။ ယခု စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခြင်းမှာလည်း စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော် လုံခြုံရေးနှင့်ကာကွယ်ရေးကို တပ်မတော်နှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်နိုင်ရန်ဖြစ်သည်။
“စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ ဆောင်ရွက်ရတာမဟုတ်ပါဘူး။ ပြည်သူ့စစ်မဟာဗျူဟာရဲ့ ဗဟိုဟန်ချက်ဟာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူလူထုအကြား အဆက်အစပ်ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူလူထုရဲ့အဆက်အစပ်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေးအခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးရန် လိုအပ်လာသော အခြေအနေကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌားန်ရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ဒီအချိန်အခါမှာလည်း ကျွန်တော်တို့နိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ၊ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါတွေကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အတည်ပြု ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်မှာ “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။” ဟု သတ်မှတ်ထားသည်။
ထို့ပြင် စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်သည် အနည်းဆုံး ၂၄ လ တာဝန်ထမ်းရမည်ဖြစ်ပြီး အများဆုံး နိုင်ငံတော်အရေးပေါ်ကာလတွင် ငါးနှစ်တာဝန်ထမ်းရမဲ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းလို၍ ရှောင်လွှဲပျက်ကွက်ပါက အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင်ကြောင်း သိရသည်။