October 19, 2024

၁၀. ၂ .၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် အင်းလျားရိပ်သာလမ်းရှေ့မှာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက် ည ၇ နာရီဝန်းကျင်ခန့်က EV ကားတစ်စီးနဲ့ Hijet တစ်စီး ယာဥ်တိုက်မှုဖြစ်ပွားပြီး Hijet ယာဥ် တိမ်းမှောက်ပျက်စီးကာ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်ကူညီမှု သွားရောက်ခဲ့တဲ့ ရွှေရုပ်လွှာ ပရဟိတ အသင်းထံက သိရပါတယ်။

ယာဥ်တိုက်မိတဲ့ ဖြစ်စဥ်ကို အသေးစိတ်ကို သေချာမသိရှိရသေးပေမယ့် EV ယာဥ်က ထိခိုက်ပျက်စီးမှု အနည်းသာရှိခဲ့ပြီး နှစ်ဖက်တိုက်မိတဲ့ အရှိန်နဲ့ Hijet ယာဥ် တုံးလုံးလဲကာ ဆီတိုင်ကီပါ ပွင့်ထွက်ပျက်စီးလို့ လမ်းပေါ် ဓာတ်ဆီတွေ ဖိတ်စင်ခဲ့တာကြောင့် လူမှုကူညီရေးအသင်းတွေက မီးနဲ့ ပတ်သက်တာတွေ အနီးအနားမှာ မပြုလုပ်ကြဖို့နဲ့ အမြန်ရှင်းလင်းတာမျိုးဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။

“Hijet က ကားနောက်မှာ စျေးရောင်းတဲ့ လှည်းလိုမျိုးကို တင်လာတာတွေ့ရတယ်။ ခေါင်းခန်းမှာ နှစ်ယောက်စီးလာပေမယ့် နှစ်ယောက်စလုံး ထိခိုက်ဒဏ်ရာ မစိုးရိမ်ရပါဘူး။ တုံးလုံးလဲသွားတော့ ကားက အတော်တော့ ပျက်စီးသွားတယ်”လို့ MT News ရဲ့ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ဒဏ်ရာရ အမျိုးသားနှစ်ဦးကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနဆီ ရွှေရုပ်လွှာ သူနာတင်ယာဥ်နဲ့ လိုက်လံ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *