၂. ၁၂. ၂၀၂၂
MT News Editorial
လက်နက်ကိုင်တိုက်ခိုက်ခြင်းသည် မြန်မာပြည်သူများလိုချင်နေကြသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အဖြေဖြစ်သည်ဟုဆိုပါက အနှစ် ၇၀ ကျော် တိုက်ပွဲဆင်နွှဲလာကြသော တိုင်းရင်းသားလက်နက်ကိုင်များကို ပြသကာ ငြင်းဆိုရမည်ဖြစ်ပေသည်။
လွတ်လပ်ရေးရပြီးချိန်မှ စတင်ခဲ့သော ပြည်တွင်းစစ်သည် အရှိန်အဟုန်ကောင်းလာချိန် ပြည်သူများ ဒုက္ခရောက်ကာ အရှိန်အဟုန်လျော့ကျလာပါက လက်နက်ကိုင်သူများသာ အသာရပြီး ထိုသူများ၏စီးပွားရေးလုပ်ငန်းများသာ တိုးချဲ့လုပ်ကိုင်နိုင်လာသည်ကိုလည်း ပြည်သူများ မြင်တွေ့နေရမည်ဖြစ်သည်။
ထိုသို့သော ပုံစံမျိုးဖြင့် လည်ပတ်နေသည့် ပြည်တွင်းစစ်မီးသည် ၂၀၂၁ ဖေဖော်ဝါရီ အာဏာပဋိပက္ခဖြစ်စဉ်က လောင်စာထိုးပြီးနောက် လူငယ်သိန်းဂဏန်းနီးနီး လက်နက်ကိုင်ကာ တော်လှန်ရေးတပ်များဖွဲ့ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များထံ ခိုလှုံကာ စစ်သင်တန်းတက်ခြင်း ပြုလုပ်လာသည်ကို တွေ့မြင်ခဲ့ရသည်။ ထို့နောက် လက်နက်ကိုင်နိုင်ချိန်တွင် လက်နက် ကိုင်အချင်းချင်းတိုက်ခိုက်ခြင်းထက် လက်နက်မဲ့သော ပြည်သူများကိုသာ ဦးတည်အနိုင်ကျင့်သည့်အသွင်ဖြစ်ပေါ်လာနေသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပေသည်။
ပြီးခဲ့သည့် အကြိမ် ၄၀ မြောက်နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မူငါးချက် ပြန်သုံးသပ်စဉ်လည်း မြန်မာနိုင်ငံက လက်နက်ကိုင်အားလုံးသည် အကြမ်းဖက်မှုများကို တန်းတူလုပ်နေကြသည်ဆိုသည့် သဘောမျိုးရေးသားကာ အဆိုပါ အကြမ်းဖက်မှုများကို လုပ်နေသူအားလုံးက တရားမျှတသည့် တာဝန်ခံမှုရှိရန်နှင့် ရှုတ်ချရန်တောင်းဆိုသွားသည်ကို မြင်ရမည်ဖြစ်သည်။
လက်နက်ကိုင်သူများအားလုံး၏ အတ္တနှင့် မာနများသည် နိုင်ငံနှင့် ပြည်သူကိုသာ ထိခိုက်နေသည်ဆိုသည်ကိုမူ အပြန်အလှန်စွပ်စွဲအပြစ်တင်နေကြသော ပြည်သူ့သေဆုံးမှုများ၊ လက်နက်ကိုင်သူများ၏ စွပ်စွဲချက်မျိုးစုံဖြင့် မီးလောင်ပျက်စီးနေသော ရွာများ၊ လျှပ်စစ်တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် မလင်းတော့သည့် လျှပ်စစ်မီးများ၊ စာမသင်နိုင်တော့သည့်ကလေးငယ်များ၊ လမ်းဖျက်ဆီးမှုများစွာကြောင့် စားသောက်ကုန်ပြတ်တောက်ကာ မတန်တဆကုန်စျေးနှုန်းဒဏ်ခံနေရသည့်ပြည်သူများ၊ စစ်ရှောင်နေရသော ပြည်သူ ၁ ဒသမ ၄ သန်းကျော် စသည့်အခြေအနေများက သက်သေပြနေမည်ဖြစ်သည်။
လက်နက်ကိုင်တိုက်ခိုက်မှုများသည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အဖြေမဟုတ်ဟုဆိုပါက အဖြေသည် စားပွဲဝိုင်းဆွေးနွေးမှုများမှပင် ပြန်လည်အဖြေရှာရမည်သာဖြစ်သည်။ ”လက်နက်ကိုင်များအားလုံး၏ အတ္တများ”၊ ”သူတစ်လူ ငါတစ်မင်းစိတ်ဓာတ်များ”၊ “ငါ့ပြည်နယ်က သယံဇာတရှိလို့ သီးခြားနိုင်ငံခွဲထွက်နိုင်တယ်”ဆိုသည့် အတွေးအမြင်များကို ပြောင်းလဲကာ လက်နက်ကိုင်များအားလုံး စားပွဲဝိုင်းဆီသို့ ရောက်ရှိညှိနှိုင်းဆွေးနွေးမှသာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဆီသို့ သွားရောက်နိုင်မည်ဖြစ်ပေသည်။
လက်ရှိအခြေအနေတွင် SAC နှင့် AA အကြား ယာယီအပစ်အခတ်ရပ်နားသွားခဲ့သလို NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးဦးဆောင်မှုအဖွဲ့(PPST) သည်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် မတွေ့ဆုံမီ SAC နှင့် တွေ့ဆုံမည်ဟုလည်း သတင်းကောင်းကြားရပေသည်။ ထို့အတူ NUG မှ ဒူဝါလရှီးလသည်လည်း တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံနိုင်ကောင်းသည်ဟု ဖွင့်ဟလာခဲ့သည်ကိုလည်း ကြားသိရပြန်သည်။
နိုင်ငံရေးဟူသည်မှာ ညှိနှိုင်းတိုင်ပင်အဖြေရှာကာ ဆင့်ကဲပြောင်းလဲမှသာ ပြည်သူနှင့် နိုင်ငံမထိခိုက်ဘဲ တိုးတက်မည်ဆိုသည်ကို မြန်မာနိုင်ငံတွင် အကြိမ်ကြိမ်ဖြစ်ပွားခဲ့သော အရေးတော်ပုံများက သက်သေပြခဲ့ပြီးဖြစ်၍ ပြည်သူနှင့် နိုင်ငံကိုသာ အထိနာစေပြီး ရေရှည်တွင် မည်သူမျှ မထောက်ခံနိုင်၊ မထောက်ပံ့နိုင်သော စစ်ပွဲများကို ရပ်ဆိုင်းသင့်ပြီဖြစ်သည်။
“ငါ ဒါလိုချင်တယ်၊ ငါတို့ ဒါရမှဖြစ်မယ်” ဆိုသော ငါတကောကောသည့် သိမ်နုပ်သေးငယ်သော အသိဉာဏ်များကို ခဝါချကာ နိုင်ငံရေးပြသနာများကို လက်နက်ဆွဲကိုင်တော်လှန်ခြင်းထက် ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်သာ နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေရှာသင့်ချိန် တန်ပါပြီဟု MT News သတင်းဌာနက တိုက်တွန်းရေးသားလိုပါသည်။