MT News
၁၀. ၂. ၂၀၂၄
ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၀ ရက်ကစ အာဏာတည်မယ်လို့ SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုး ကြေညာလိုက်ပြီဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်တာကို အမိန့်ကြော်ငြာစာအမှတ် ၂၇ /၂၀၂၄ နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ဝ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုးအတည်ပြုခဲ့တာဖြစ်ပြီး “၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေမှာ စစ်မှုထမ်းရမဲ့အသက်အရွယ်ကို “စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။” လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ အနည်းဆုံးက ၂၄ လ တာဝန်ထမ်းရမှာဖြစ်ပြီး အများဆုံးကတော့ နိုင်ငံတော်အရေးပေါ်ကာလမှာ ငါးနှစ်တာဝန်ထမ်းရမဲ့အပြင် စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် စစ်မှုမထမ်းလိုလို့ ရှောင်လွှဲပျက်ကွက်ရင် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံရနိုင်မှာဖြစ်ပါတယ်။