၁၀. ၂. ၂၀၂၄
Written by Nay Aung
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကိုဖြေရှင်းနိုင်ရန်အတွက် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အမေရိကန်နိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ သွားရောက်မည်ဖြစ်ရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်နှင့်တွေ့ဆုံကာ မြန်မာ့အရေးကို ဆွေးနွေးရန် စီစဉ်ထားကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သူများကပြောသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahindra-Nukara သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ခေါ်ချက်အရ အမေရိကန်နိုင်ငံသို့ ပထမဆုံးတရားဝင်ခရီးစဉ်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် သွားရောက်မည်ဖြစ်သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ၎င်း၏ အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဂျီနာ အမ်ရိုင်မွန်ဒို၊ အမေရိကန်သမ္မတ၏ လက်ထောက် အကြံပေးဖြစ်သူ အာမိုစ့်ဟောစတိန်းတို့အပြင် အမေရိကန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံကာ ဒေသအတွင်း နှင့် နိုင်ငံခြားရေးမူဝါဒများကို တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် မကြာသေးမီကလည်း ဘန်ကောက်မြို့တွင် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးကောင်စီ အကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရန် ဦးဆောင်စီစဉ်ဆောင်ရွက်နေပြီး မကြာသေးမီကလည်း SAC တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။
မြန်မာနိုင်ငံရှိနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမည့် ထိုင်းအစိုးရ၏အစီအစဉ်ကို ပြီးခဲ့သောလက လာအိုနိုင်ငံတွင်ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးမျာအစည်းအဝေးတွင်လည်း လက်ခံသဘောတူညီခဲ့ကြောင်း သိရသည်။
Ref, risingbd