၁၀. ၂.၂၀၂၄
Written by Nay Moe
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်အား ဖေဖော်ဝါရီ ၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရွှေဝါမြိုင်ကျေးရွာ ဘုန်းကြီးကျောင်းအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF များက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားသည်။
အုပ်ချုပ်ရေးမှူး ဦးမြင့်ဟန်သည် စစ်တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ကာ ဒေသခံများအား ပြည်သူ့စစ် သင်တန်းတက်ရန် ခြိမ်းခြောက်ဖိအားပေးလူစုခြင်း၊ မမှန်သတင်းပေး၍ ပြည်သူများအား ဖမ်းဆီးခိုင်းကာ ခြိမ်းခြောက်ငွေတောင်းခြင်း၊ PDF များ၏ သတင်းများ ထောက်လှမ်း ပေးပို့ခြင်းတို့ကြောင့် သတ်ဖြတ်သည်ဟုလည်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သတ်ဖြတ်မှုအပေါ် အကြောင်းပြချက်ပေးသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူး အများအပြားသတ်ဖြတ်ခံရသည့်တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ကလေး သူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၀၀၀ ပတ်လည်၊ ဆရာဆရာမ ၈၀ နီးပါးနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၈၈၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။