၁၀. ၂. ၂၀၂၄
Written by Pan Ei
အိမ်သာသုံးစက္ကူကုမ္ပဏီတစ်ခုဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် အထူးအစီအစဉ်အနေနဲ့ ရည်းစားဟောင်းတွေဆီက ရထားတဲ့ ရည်းစားစာတွေကို အိမ်သာသုံးစက္ကူအဖြစ် ပြောင်းလဲနိုင်မဲ့ အခွင့်အရေးပေးလျက်ရှိပါတယ်။
၂၀၁၂ ခုနှစ်က တည်ထောင်ထားတဲ့ ဩစတြေးလျနိုင်ငံအခြေစိုက် Who Gives A Crap ဆိုတဲ့ ပြန်လည်အသုံးပြုထားတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်တဲ့ အိမ်သာသုံးစက္ကူတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဟာ “Flush Your Ex” ပရိုဂရမ်ဆိုတဲ့ အစီအစဉ်ကိုကြေညာခဲ့တာဖြစ်ပြီး ချစ်ခြင်းမေတ္တာစာဟောင်းတွေကို အိမ်သာသုံးစက္ကူအဖြစ် ပြောင်းလဲပေးမယ်လို့ ဖော်ပြခဲ့တာပါ။
“မင်းရဲ့အံဆွဲထဲမှာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ နေရာယူထားတဲ့ စာရွက်တွေ၊ ပို့စ်ကတ်တွေ၊ မင်းရဲ့ပထမဆုံးရက်စွဲက ပြေစာတွေကို ငါတို့ဆီ ပို့ပြီး အဲဒါကို ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲပေးမဲ့ ငါတို့ရဲ့ထုတ်လုပ်ရေးစက်ရုံတွေဆီ တိုက်ရိုက်ပို့ပေးမယ်။ အဲ့ဒါတွေက ပြန်လည်အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အိမ်သာသုံးစက္ကူတွေဖြစ်လာမှာပါ” လို့ အဆိုပါအမှတ်တံဆိပ်က အင်စတာဂရမ်ပို့စ်မှာ မျှဝေခဲ့ခြင်းဖြစ်ရာ ရည်းစားဟောင်းကို စိတ်နာနေသူတွေအတွက်တော့ အတော်လေးကို အဆင်ပြေစေမှာလည်း ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ကြေညာချက်ပိုစ့်ကို အင်တာနက်အသုံးပြုသူအများအပြားက သဘောကျလျက်ရှိပြီး တချို့ကလည်း နောက်တစ်ခါကို အလုပ်ထုတ်စာတွေနဲ့ ပြုလုပ်ပေးဖ်ို့ တောင်းဆိုခဲ့ပါတယ်။ ကမ္ဘာတဝှမ်းက ရေသန့်နဲ့ အညစ် အကြေးဆိုင်ရာတွေအတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေကို အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်း လှူဒါန်းတဲ့ လူသိများတဲ့ အဲ့ဒီကုမ္ပဏီဟာ ရည်းစားစာ လှူဒါန်းမှုတွေကို အခုလက်ရှိမှာ လက်ခံနေပြီး ဖေဖော်ဝါရီ ၂၉ ရက်အထိ စာတွေလက်ခံသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
Ref; UPI News