၁၀.၂.၂၀၂၄
Translated by Htwe Ko Tun
အကယ်၍သာ မြောက်ကိုရီးယားနိုင်ငံအား အင်အားသုံးတိုက်ခိုက်လာမည်ဆိုလျှင် မိမိအနေဖြင့်လည်း တောင်ကိုရီးယားနိုင်ငံကို လုံးဝ သိမ်းပိုက်ချေမှုန်းရန် လက်တွန့်နေမည်မဟုတ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းက ပြောခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာများက ဖေဖော်ဝါရီ ၉ ရက်တွင် ဖော်ပြခဲ့ကြရာ အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေးက ပို၍နိမ့်ကျလာ ခဲ့ကြောင်း ပြောခဲ့ကြသည်။
နျူကလီယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံက ၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားအား ၎င်း၏အဓိကရန်သူအဖြစ် ကြေညာခဲ့ပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေးနှင့် မြောက်ကိုရီးယားနိုင်ငံသို့ အထောက်အပံ့ပေးနေသည့် အေဂျင်စီများအားလုံးကို ပိတ်ပစ်ခဲ့သည်။ ထို့ပြင် သုည ဒသမ ၀၀၁ မီလီမီတာ အထိ ပိုင်နက်ကျူးကျော်လာလျှင်ပင် စစ်ဆင်နွှဲရလိမ့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
မြောက်ကိုရီးယား၏ KCNA သတင်းဌာနက “တကယ်လို့သာ ကျွန်တော်တို့ရဲ့ ရန်သူနိုင်ငံက အင်အားသုံးပြီးကျွန်တော်တို့ကိုတိုက်လာရင် ကျွန်တော်တို့ကလည်း သမိုင်းကြောင်းကို ပြောင်းသွားစေတဲ့ဆုံးဖြတ်ချက်တစ်ခု ပြုရမှာပဲ။ သူတို့ကိုတန်ပြန်ချေမှုန်းဖို့ အင်အားအပြည့်နဲ့တိုက်ခိုက်သွားဖို့ကိုနောက်တွန့်နေမှာ မဟုတ်ဘူး” ဟု ကင်ဂျုံအမ်းကပြောခဲ့ကြောင်း ဖော်ပြခဲ့သည်။
ကင်ဂျုံအမ်းက”ငြိမ်းချမ်းရေးဆိုတာတောင်းယူနေလို့လည်း ရမှာမဟုတ်ဘူး။ ညှိနှိုင်းဆွေးနွေးနေရုံနဲ့လည်း မရဘူး” ဟုပြောခဲ့သေးကြောင်း KCNA က ဖော်ပြခဲ့သည်။ ကင်က ၎င်း၏မိန့်ခွန်းကို မြောက်ကိုရီးယား စစ်ဖက်တည်ထောင်သည့်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။
ထိုအခမ်းအနားသို ကင်ဂျုံအမ်းက ၎င်း၏ သမီးငယ် ဂျူအဲအား လက်ကိုကိုင်၍ လာရောက်ခဲ့ရာ အချို့သော လေ့လာသုံးသပ်သူများက မြောက်ကိုရီးယားနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်အဖြစ် လက်သပ်မွေးနေခြင်းဟုပင် သုံးသပ်ကြသည်။
Ref-CNA