October 18, 2024

၉. ၂. ၂၀၂၄
Written by Thettant

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပြင်ဆင်မှုပြုလုပ်နေတဲ့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဟာ ဂျာမနီနိုင်ငံသား ဖရန့်ဘန်ဟတ်ကို ၂၀၂၄ – ၂၀၂၅ ဘောလုံးရာသီအတွက် နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ဖရန့်ဘန်ဟတ်ဟာ နည်းပြချုပ်နဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် အက်စတိုနီးယားဘောလုံးအဖွဲ့ချုပ်၊ အဇာဘိုင်ဂျန်ဘောလုံး အဖွဲ့ချုပ်နဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်တို့မှာ တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်တဲ့အပြင် ရီးရဲမက်ဒရစ်အသင်းအတွက် လူငယ်ရှာဖွေရေးမှာလည်း တာဝန်ယူဆောင်ရွက်ခဲ့ပြီး အခုနောက်ဆုံး မလေးရှားစူပါလိဂ်ကလပ် ကဲလန်တန်အသင်းမှာ တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

အတွေ့အကြုံကောင်းများစွာပိုင်ဆိုင်ထားတဲ့ ဂျာမန်နည်းပြ ဖရန့်ဘန်ဟတ်ဟာ နည်းပြလမ်းကြောင်းကို လူငယ်လက်ရွေးစင်အသင်းတွေမှာ နည်းပြချုပ်အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ် မလေးရှားယူ-၂၃ အသင်းကို နည်းပြချုပ်တာဝန်ယူခဲ့သူပါ။ ဒါ့အပြင် ကစားသမားဘဝမှာလည်း ဘွန်ဒက်စ်လီဂါအသင်း Werder Bremen နဲ့ Holstein Kiel အသင်းတွေမှာ ခြေစွမ်းပြပါဝင်ခဲ့သူဖြစ်ပါတယ်။

“သမိုင်းကြောင်းကြီးမားတဲ့ရန်ကုန်ယူနိုက်တက်အသင်းကို တာဝန်ယူရတဲ့အတွက် တကယ်ကိုဝမ်းသာပါတယ်။ အသင်းရလဒ်ကောင်းတွေရဖို့အတွက် ကျွန်တော်နည်းပြအဖွဲ့ဝင်တွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေအတူတကွပူးပေါင်းလုပ်ဆောင်ကြပါမယ်။ ရှုံးထွက်နဲ့လိဂ်ချန်ပီယံဖြစ်ဖို့က ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းတွေကိုအသုံးပြုပြီး သေချာလေးလုပ်ဆောင်သွားဖို့လိုပါတယ်။ တစ်ပွဲချင်းစီကိုသေချာအာရုံစိုက်ပြီးလုပ်ဆောင်သွားမယ့်အပြင် ရင်ဆိုင်ရမယ့်အသင်းတိုင်းကိုလည်း လျှော့မတွက်ဘဲယှဉ်ပြိုင်သွားပါမယ်။ အသင်းရည်မှန်းချက်ကိုရဖို့အတွက် အားလုံးနဲ့အတူတကွ သေချာပြင်ဆင်လုပ်ဆောင်သွားပါမယ်” လို့ ဖရန့်ဘန်ဟတ် က ပြောပါတယ်။

နည်းပြချုပ်ဖရန့်ဘန်ဟတ်ဟာ လာမဲ့အပတ်အတွင်း အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ပြီး လက်ရှိ လေ့ကျင့်ရေးအစီစဉ်တွေကို လက်ထောက်နည်းပြတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *