October 30, 2024

ကျောက်တော်မြိုနယ်ရှိ တိုက်ပွဲရှောင်စခန်းတွင် နေထိုင်နေကြသည့် မြိုတိုင်းရင်းသားများအား မတ်လအတွင်းက ကျေးရွာသစ်သို့ မရွှေ့ပြောင်းမီ တာဝန်ရှိသူများနှင့် တွေ့ရစဥ်

၂.၁၂.၂၀၀၂
Written by Myo Khine

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့ နိုဝင်ဘာ ၂၆ ရက်ကစ၍ အလွတ်သဘော အပစ်ရပ်ပြီးနောက် တိုက်ပွဲရှောင်များနေရပ်ပြန်ကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက MT News သို့ ပြောသည်။

“အမ်းက တိုက်ပွဲရှောင်တွေ ပြန်တယ်။ မနေ့ကဆိုရင် မြေပုံက တိုက်ပွဲရှောင်တွေ ပြန်တယ်။ အဲဒီဘက်မှာက မိုင်းထောင်ထားတာတွေ မရှိဘူး။ ဒါကြောင့် နေရာချထားတဲ့နေရာတွေကနေ သူတို့နေအိမ်တွေကို ပြန်ကြတယ်။ ပြန်ဖို့အတွက် စီစဉ်ပေးတာတွေရှိတယ်။ တချို့ဒေသတွေမှာက မိုင်းရှင်းရမှာတွေ ရှိတယ်။ ကားလမ်းဆိုရင်လည်း မိုင်းထောင်ထားတာတွေ ရှိတယ်။ အဲ့ဒီမိုင်းတွေကို ထောင်ထားတဲ့သူတွေက သူတို့ ဘယ်အနားမှာ ထောင်ထားတယ်ဆိုတာကို သိလို့ပြန်ဖော်နေကြတာလည်း ရှိတယ်။ အခုဆိုရင် ပုဏ္ဏားကျွန်းနဲ့ စစ်တွေကြားမှာ ရှင်းနေကြတယ်လို့ သိရတယ်။ တိုက်ပွဲရှောင်တွေကတော့ သောင်းနဲ့ချီ ရှိတယ်”ဟု ယင်းက ပြောသည်။

အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာသို့ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသည့် ရှောက်ခြုံကျေးရွာက အိမ်ထောင်စု ၂၅ စု၊ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၅၀ ဦး ပေါင်း ၉၅ ဦးအား ပြည်နယ်အစိုးရက ယင်းတို့၏ နေအိမ်အသီးသီးသို့ ပြန်လည်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့်၂၀၁၈ ခုနှစ်မှ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲပြီးသည့်အချိန်နောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲမှုကို နှစ်ဖက်အလွတ်သဘော သဘော တူခဲ့ကြပြီး ယခုနှစ်သြဂုတ်လကစတင်၍ တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိင်းရေးရုံး(OCHA MYANMAR)၏ စက်တင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော စာရင်းများအရ ရခိုင်ပြည်နယ်တွင် သြဂုတ်လကစ၍ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူ ၉၀၀၀ ခန့်ရှိလာကြောင်း ဖော်ပြထားသည်။

“လက်ရှိ ညောင်ချောင်းတိုက်ပွဲရှောင်စခန်းမှာတော့ လူဦးရေ ၂၀၀၀ ကျော်လောက်တော့ရှိပါတယ်။ သူတို့စားဝတ်နေရေးကတော့ ခက်ခဲနေပါသေးတယ်။ အခုအပစ်ရပ်ပြီးပေမဲ့လည်း အာမခံချက်မရှိလို့ မပြန်ကြသေးပါဘူး”ဟု ကျောက်တော်မြို့ ညောင်ချောင်းတိုက်ပွဲရှောင်စခန်း တာဝန်ရှိသူက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *