၉. ၂. ၂၀၂၄
MT News Editorial
ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် ယိုသူမရှက် မြင်သူရှက်ရမည့် လိင်ဆက်ဆံမှုဆိုင်ရာ ကကွက်များဖြင့် ဖျော်ဖြေနေသည့် မြင်ကွင်းသည်ထင်ပေါ်လာနေသည်ကို တွေ့ရှိရပေသည်။
ထိုမြင်ကွင်း၏ ကနဦးမူလအစသည် လူသိများသော အဆိုတော်အမျိုးသမီးတစ်ဦးက သူမ၏ရည်းစားဖြစ်သူ အမျိုးသားတစ်ယောက်နှင့် စားသောက်ဆိုင်တစ်ခုတွင် ထိုင်နေစဥ် စတိတ်စင်ပေါ်မှ အမျိုးသားတစ်ဦးက ဆင်းလာကာ အဆိုတော် အမျိုးသမီးကို စင်ပေါ်ခေါ်၍ အများအမြင်မသင့်တော်သော လိင်မှုပြကွက်များကို တစ်တစ်ခွခွ ကပြခြင်း၊ ယပ်တောင်ကွယ်၍နမ်းခြင်း၊ ခန္ဓာကိုယ်အသားစိုင်များကို ကိုင်တွယ်အာသာဖြေမှု အမူအယာလုပ်ခြင်းဖြင့် ထိုကကွက်ရုပ်သံ လူမှုကွန်ရက်ပေါ် တွင်ကျယ်လာခြင်းဖြစ်ကာ ထိုဆိုင်သည်ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်ရှိ Bar တစ်ခုမှ တင်ဆက်သော LGBT Show တစ်ခု၏ ပုံမှန်ဖျော်ဖြေနေကြ မြင်ကွင်းဖြစ်သည်ဟုလည်း သိရှိရပေသည်။
ထိုသို့ လူသိများသော အဆိုတော် အမျိုးသမီးနှင့် LGBT ဟု ယူဆရသူ အမျိုးသားတို့၏ လူပုံအလယ် စင်မြင့်ပေါ်မှ မဖွယ်မရာ လိင်ဆက်ဆံမှုကကွက်များ လူကြားတွင် ပျံ့နှံ့သွားပြီးနောက် လူသိများသော ဘလော့ဂ်ဂါအမျိုးသမီးငယ်တစ်ဦးကလည်း ထိုဆိုင်သို့သွားထိုင်ကာ ထို LGBT အမျိုးသားနှင့်ပင်ထိတွေ့ဆက်ဆံသည့် လိင်ဆက်ဆံမှုကကွက်ဆန်းများနှင့်ပင် ရင်သားနမ်းရှိုက်ခံ ထိတွေ့ကိုင်တွယ်ခံသည့် ရုပ်သံတစ်ခုကို လူမှုကွန်ရက်၌ ထုတ်လွှင့်ကာ သူမ၏ ဘလော့ဂ်လူသိများရေးအတွက် ဖိတ်ခေါ်လာပြန်သည်။
သူမတို့နှစ်ဦး၏ ပို့စ်များအရ ထိုသို့သော စင်မြင့်ပေါ်တက်လိင်ဆက်ဆံမှုကွက်ဖြင့်ဖျော်ဖြေသော LGBT Show များမှာ ရန်ကုန်မြို့ရှိ Bar များတွင် စတင်ပြုလုပ်နေသော ပုံမှန် ဖျော်ဖြေတင်ဆက်မှုဟုလည်း သိရှိရပြန်ပေသည်။
ထိုမျှ သရုပ်မပျက်သော စင်တင်ဖျော်ဖြေမှုများကိုပင် ထိန်းချုပ်သော မြန်မာနိုင်ငံတွင် LGBT Right အမည်ခံကာ စင်မြင့်ပေါ်ထက် လိင်ဆက်ဆံမှုပြကွက်များနှင့် ဖျော်ဖြေမှုကိုမူ လျစ်လျူရှု ခွင့်ပြုထားသည်မှာ အံ့ဩစရာဖြစ်သလို မည်သူကခွင့်ပြုထားသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။
မြန်မာလူမျိုးများသည် မိမိခန္ဓာကိုယ်ကို တန်ဖိုးထားသူများဖြစ်သလို မြန်မာအမျိုးသမီးများသည်လည်း လူမြင်ကွင်းတွင် မဖော်ပြအပ်၊ မလုပ်အပ်သော ကာယိန္ဒြေကို ကာကွယ်ပေးထားသော နိုင်ငံလည်းဖြစ်ပေသည်။ ဥပမာအားဖြင့် အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာကာကွယ်ပေးမှုတွင် တဏှာမျက်စိဖြင့်ကြည့်ခြင်း၊ ခါးကိုဖက်ခြင်း၊ နောက်ပြောင်သည့်ပုံစံဖြင့် အသားယူခြင်း၊ ခန္ဓာကိုယ်ထိတွေ့ကိုင်တွယ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများတွင် ညစ်ညမ်းသီချင်း၊ ကဗျာ၊ စာသားများရွတ်ဆိုခြင်းတို့ကိုပင် ထိန်းချုပ်အရေးယူသောနိုင်ငံဖြစ်ရာ ထိုမျှမကသော ကာမဆက်ဆံမှုပြကွက်များ ကပြဖျော်ဖြေနေမှု ကြပ်မတ်သင့်သည်ဟု ယူဆရပေသည်။
သို့သော်ငြားလည်း ထိုသို့သော မြန်မာ့ယဥ်ကျေးမှုနှင့်မကိုက်ညီသော LGBT Show များကို ရုပ်ရှင်အစည်းအရုံးကလည်း အရေးမယူနိုင်သလို ဂီတအစည်းအရုံးကလည်း စာထုတ်ရုံမှအပ မည်သို့မျှအရေးမယူနိုင်သောအခြေအနေဖြစ်ရာ ထိုသို့သောသရုပ်ပျက်ပြကွက်များကို အရေးယူရန်မှာ အာဏာပိုင်များသာ လုပ်နိုင်သောအခြေအနေဖြစ်လာနေပေသည်။
ပြီးခဲ့သော ရက်ပိုင်းကလည်း နိုင်ငံပိုင်သတင်းစာများတွင် “အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။ အွန်လိုင်းလောင်းကစားကြော်ငြာမျာ၊ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။”ဟုလည်း သတိပေးကြေညာချက် ထည့်သွင်းဖော်ပြလာသည်ကို တွေ့ရသည်ဖြစ်ရာ နွေဦးတော်လှန်ရေးမှ စတင်ဝါဒဖြန့်လာသော “My Body My Choice” ဆိုသော စကားရပ်နှင့်အညီ မြန်မာ့ရိုးရာယဥ်ကျေးမှုကို ဖျက်ဆီးသော၊ မောင်နှမသားချင်းကြည့်ရဲစရာမရှိသော၊ မြန်မာ အမျိုးသမီးတို့စောင့်ထိန်းအပ်သော ကာယိန္ဒြေကို ရိုက်ချိုးနေသော၊ ဟီရိဩတ္တပ္ပတရားကို ဖျက်ဆီးနေသော၊ စင်ပေါ်တက် လိင်ဆက်ဆံမှုကကွက်များနှင့် LGBT Show များကို တာဝန်ရှိသူများက အချိန်မီတားမြစ်ပိတ်ပင်ရန် လိုအပ်ပါသည်ဟု MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။