၉. ၂. ၂၀၂၄
Written by Ye Kyaw
လယ်ယာထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းမှုအဖြစ် တစ်နှစ်လျှင် ဆီချောတန်ချိန် ၆,၀၀၀ ကျော် ထွက်ရှိမည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံကို နေပြည်တော်၌ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲစည်းထူထောင်ထားသော Myanmar Rice Bran Oil Co., Ltd (MRBO)၏ ဖွဲနုဆီနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (ပြည်ထောင်စုနယ်မြေ) တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောက်ရွက်သည့် မင်္ဂလာအခမ်းအနားကို နေပြည်တော်၊ပျဉ်းမနား မြိုနယ်ရှိ MAPCO ဆန်စက်ဝန်းတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွဲနုဆီကြမ်း၊ ဆီချောနှင့် စားသုံးဆီ ထုတ်လုပ်ရေးစက်ရုံ (ပြည်ထောင်စုနယ်မြေ)သည် တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် ၉,၀၀၀ နှင့် ဆီချောတန်ချိန် ၆,၃၀၀ ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖွဲနုဆီဆီကြမ်းနှင့် ဆီချော(Refinery) ပါဝင်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်စပါးအပြင် အခြားသော လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး ပြည်ပတင်ပို့နိုင်ရေးကို လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းကဲ့သို့ ပို့ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဆောင်ရွက်ရာတွင် ဆန်အား ဆန်မှုန့်နှင့် ဆန်ခေါက်ဆွဲများ ပြုလုပ်ရန် စီစဉ်နေသကဲ့သို့ ဖွဲနုဆီထုတ်လုပ်ကာ ပြည်ပတင်ပို့ခြင်းသာမက ဖွဲနုဆီထုတ်လုပ်မှု၏ ဘေးထွက်ပစ္စည်းဖြစ်သည့် ဆီထုတ်ပြီးဖွဲဖတ်များကိုပါ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
“ဖွဲနုဆီထုတ်လုပ်တဲ့လုပ်ငန်းကို အားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဖွဲနုဆီတချို့ကို နိုင်ငံခြားတင်ပို့ဖို့၊ တချို့ကို ပြည်တွင်းဈေးကွက်မှာရောင်းချဖို့ နောက်ပြီး ဖွဲနုဆီထုတ်တဲ့လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်းဖြစ်တဲ့ ဆီထုတ်ပြီးသားဖွဲဖတ်ကို ပြည်တွင်း ဈေးကွက်မှာရောင်းဖို့ နိုင်ခြားတင်ပို့ရောင်းချဖို့ စသဖြင့် Export Product Diversification ကိုလည်း လာမယ့်နှစ်မှာ ဆောင်ရွက်ဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောထားသည်။